ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ – ဧရာဝတီမြစ်အတွင်း ( ကမ်းနားပန်းခြံအနီး ) ဆိပ်ခံဘောတံတားတွင် ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က သိုက်ပွဲစွန့်ပစ္စည်းများ ရေမျှောရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၎င်းအမျိုးသားသည် ကမ်းနားပန်းခြံအနီး ဆိပ်ခံဘောတံတားတွင် ရေတက်ချိန်၌ သိုက်ပွဲစွန့် ပစ္စည်းများ ဧရာဝတီမြစ်အတွင်းဆင်းကာ ရေမျှောရာမှ အရှိန်လွန်ကာ ရေစီးသန်သောနေရာသို့ ရောက်ရှိ သွားပြီး ရေနစ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( ပြည် ) ပါရမီအသင်းထံမှ သိရှိရသည်။
“ သူက အဲ့နားမှာ သိုက်ပွဲစွန့်တယ် ပြောတယ်၊ ရေထဲနည်းနည်း ငိုက်ပြီးကျသွားတာ၊ ရေတက်တာ သိပ်ပ်မကြာသေးဘူး၊ ရေစီးသန်တဲ့နေရာမှာ ဖြစ်သွားတာ၊ လေးငါးခါလောက်တော့ပြန်ပေါ်လာသေးတယ်” ဟု ၎င်းတို့ထံမှ သိရှိရသည်။
အဆိုပါ ရေထဲနစ်မြုပ်သွားသူ အမျိုးသား၏ ရုပ်အလောင်းအား ညနေ 5 နာရီအချိန် ဝန်းကျင်ခန့်တွင် ပြန်လည်တွေ့ရှိ၍ ဆယ်ယူခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူ အမျိုးသား၏ အသက်သည် ၅၄နှစ် ဝန်းကျင်ခန့်ဖြစ်ပြီး မြို့သစ်ရပ်ကွက် ကားကြီးကွင်းတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား ပြည်ဆေးရုံ၏ ရင်ခွဲရုံသို့ လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။