မျောက်မျိုးစိတ်သစ်အဖြစ် မြန်မာနိုင်ငံမှာ တွေ့ရှိထားတဲ့ ပုပ္ပါးမျောက်မြီးရှည် (ခေါ်) လန်ဂါမျောက်ကလေးတွေရဲ့ မျိုးတုံးမှုဘေးအန္တရာယ်က အတော်လေး ကြီးထွားလာခဲ့ပြီဖြစ်လို့ သေချာပေါက် ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ရမယ့် အခြေအနေဖြစ်လာခဲ့ပါပြီ။
ပုပ္ပားတောင်မကြီးမှာနေတဲ့ မျောက်မြီးရှည်တစ်မျိုးဟာ အလွန်ရှားပါးတဲ့ မျောက်မျိုးစိတ်သစ်တစ်ခုဖြစ်တယ်လို့ ဂျာမန်ပရိုင်းမိတ်စင်တာ၊ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်အဖွဲ့ (FFI) တို့က ၂၀၂၀ ပြည့်နှစ်ကတည်းက ပူးတွဲအတည်ပြုခဲ့တာပါ။
ပုပ္ပါးမျောက်မြီးရှည် (ခေါ်) လန်ဂါမျောက်ကလေးတွေဟာ များသောအားဖြင့် မီးခိုးရောင်အနုနဲ့ အရင့်အရောင်တွေ ဖြစ်ပြီး မျက်လုံးနဲ့ ဝမ်းဗိုက်တို့ဟာ အဖြူရောင် သို့မဟုတ် မီးခိုးပြာရောင် ရှိတတ်ကြပါတယ်။
ချစ်စဖွယ် ပုံပန်းသဏ္ဍန်ရှိတဲ့ သူတို့ကို အရင်ကတော့ မျက်လုံးမှာ မျက်မှန်တပ်ထားသလို အဝိုင်းသဏ္ဌာန်ပေါ်နေတဲ့ မီးခိုးပြာရောင်မျက်ကွင်းတွေကြောင့် မျက်ကွင်းပြာ မျောက်မျိုးထဲမှာ စာရင်းသွင်းထားခဲ့ကြတာပါ။ ဒါပေမဲ့ ဂျာမန်ပရိုင်းမိတ်စင်တာ၊ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်အဖွဲ့ (FFI) တို့က သုသေသနပြုလုပ်ခဲ့လို့ မျောက်မျိုးစိတ်သစ်တစ်ခုဆိုတာ သိခွင့်ရခဲ့ကြပါတယ်။
ပုပ္ပါးမျောက်မြီးရှည်လို့ခေါ်တဲ့ Popa Langur (Trachypithecus Popa) လေးတွေဟာ မြန်မာပြည်မှာသာတွေ့ရတဲ့ ဒေသရင်းမျိုးစိတ် (Endemic species) လေးတွေလည်း ဖြစ်ပါတယ်။
သူတို့တွေဟာ သီးခြားအစုအဖွဲ့နဲ့ နေထိုင်လေ့ရှိကြပြီး အခြားမျောက်တွေနဲ့လည်း ရောရောနှောနှောနေလေ့မရှိကြဘူးလို့ “I am Langur – ကျွန်တော် လန်ဂါ” အဖွဲ့က တာဝန်ရှိသူတစ်ဦးက MPA ကို ရှင်းပြပါတယ်။
သူတို့ဟာ လူတွေနဲ့ဝေးရာမှာ နေလေ့ရှိပြီး လူနေဧရိယာထဲကို ဝင်ရောက်တာ၊ ဖျက်ဆီးတာမျိုးကိုလည်း မလုပ်တတ်ဘဲ သစ်ရွက်နုလေးတွေကိုသာ အဓိကစားသုံးတတ်ကြပါတယ်။
ပုပ္ပါးတောင်မကြီးတဝိုက်မှာ အများဆုံးနေထိုင်တဲ့ မျောက်လေးတွေဖြစ်တာကြောင့် ပုပ္ပါးမျောက်မြီးရှည်လို့ အမည်သတ်မှတ်ခဲ့ပေမယ့်လည်း ပဲခူးရိုးမ၊ ရှမ်းပြည်နယ် ပန်းလောင် ပြဒါးလင်းဂူတို့မှာ တွေ့ရှိရသလို၊ ကရင်ပြည်နယ်ရဲ့ ရသေ့ပျံတောင်ဝန်းကျင် ရသေ့ပျံဂူ၊ စပါးဂူနှင့် အာလဝံအင်းအနီးမှာလည်း နေထိုင်ကျက်စားကြတယ်လို့လည်း “I am Langur – ကျွန်တော် လန်ဂါ”က အသိပေးထားပါတယ်။
လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ အကောင်ရေ (၂၅၀) ဝန်းကျင်သာကျန်ရှိနေပြီး ပုပ္ပါးတောင်မကြီးမှာ အကောင်ရေအများဆုံးအနေနဲ့ (၁၀၀) ကျော်၊ ရသေ့ပျံဂူမှာ အကောင်ရေ (၃၀) ခန့်နဲ့ အခြားဒေသများမှာ အကောင်ရေ အနည်းငယ်သာ ကျန်ရှိပါတော့တယ်။
သူတို့လေးတွေဟာ လူသားတွေရဲ့ စိုက်ပျိုးမြေတိုးချဲ့တာတွေ၊ တရားမဝင်သစ်ထုတ်လုပ်မှုတွေကြောင့် သူတို့အတွက် အသက်ရှင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ စားကျက်မြေတွေ ဆုံးရှုံးလာရတဲ့အရေးနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အဆိုးဆုံးက အမဲလိုက်ခံရတာ၊ ရောင်းဝယ်စားသောက်ကြတာနဲ့ အတင်းအကျပ် ဖမ်းဆီးမွေးမြူတာတွေကြောင့် တဖြည်းဖြည်းအကောင်ရေ နည်းပါးလာခဲ့ရပါတယ်။
ဥပေဒေအရ ဖမ်းဆီးရောင်းချခွင့်ကို ပိတ်ပင်တားဆီးထားပေမယ့်လည်း လက်တွေ့မြေပြင်မှာ ထိရောက်တဲ့လုပ်ဆောင်ချက်မျိုး အားနည်းနေတာကြောင့် ဒေသခံများကိုယ်တိုင်လည်း ကိုယ်ထူကိုယ်ထ ထိန်းသိမ်းရေးလုပ်ငန်းများ ပြုလုပ်ပြီး ထိန်းသိမ်းနေကြရတယ်လို့ “I am Langur – ကျွန်တော် လန်ဂါ”က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လန်ဂါမျောက်ကလေးတွေကို အချိန်မီထိန်းသိမ်းမှုမပြုလုပ်နိုင်ဘူးဆိုရင် နောင်တစ်ချိန်မှာ ကမ္ဘာပေါ်ကနေ လုံးဝပျောက်ကွယ်သွားမှာဖြစ်တယ်လို့လည်း သူက ဆက်ပြောပြပါတယ်။
ပုပ္ပါးမျောက်မြီးရှည်လေးတွေ မျိုးတုံးမှုဘေးမှ ကာကွယ်၊ ကယ်တင်နိုင်ဖို့အတွက် မလုပ်မဖြစ်လုပ်ရမယ့် နည်းလမ်းတချို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွေ၊ သတင်းဌာနတွေကတဆင့် အသိပေးထားကြပါတယ်။
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေရတဲ့ ဂေဟစနစ်မှာ သစ်တောပြုံးတီးလာတာနဲ့ သယံဇာတအလွန်ကျွံထုတ်ယူတာတွေဟာ ပုပ္ပါးမျောက်မြီးရှည်တွေနဲ့အတူ ဂေဟစနစ်ကိုပါ ထိခိုက်စေတယ်လို့ ဆိုကြပါတယ်။
တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ ဒီမျောက်လေးတွေနေထိုင်ကျက်စားရာဒေသတွေကို မကျူးကျော်တာ၊ ရောင်းဝယ်စားသောက်ခြင်းကို မပြုလုပ်ခြင်းဖြင့် တားဆီးမှုတွေအပြင် အိမ်မွေးတိရစ္ဆာအဖြစ် မမွေးမြူကြဖို့လည်း တိုက်တွန်းထားပါတယ်။
တစ်ဦးချင်းရဲ့ အသိစိတ်နဲ့အတူ ကာကွယ်ရေးအဖွဲ့အစည်းတွေ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသခံတွေက ပူးပေါင်းဆောင်ရွက် အဖြေရှာရမှာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ပုပ္ပါးလန်ဂါလေးတွေရှိတဲ့ နေရာဒေသတွေမှာ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အသိပညာပေး ဆွေးနွေးပွဲတွေ ဆောင်ရွက်တာ၊ သတိပေး ဆိုင်းဘုတ် တပ်ဆင်တာနဲ့ စောင့်ကြည့်လေ့လာတာမျိုးတွေ ပြုလုပ်နေတာတွေရှိပေမယ့် တစ်ဦးချင်းစီက ကိုယ့်ရဲ့ အရေးသဖွယ် နီးစပ်ရာမိတ်ဆွေ အသိုင်းအဝိုင်းတွေကို သတင်းအချက်အလက်မျှဝေပြီး လန်ဂါလေးတွေကို ကယ်တင်ဖို့ ပြုလုပ်ကြရမှာပဲဖြစ်ပါတယ်။