မွန်ပြည်နယ်၊ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်တွင် နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအရစစ်ဆေးမှုများကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် ရေးဘီလူးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ခံထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှစ၍ ယနေ့အထိ နေ့စဉ်မပြတ် လုံခြုံရေးရယူကာ ပြည်ထောင်စုလမ်းမကြီးတစ်လျောက်တွင် ခရီးသွားမော်တော်ယာဉ်များအား စောင့်ကြည့်စစ်ဆေးနေခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များမှ ခရီးသွားပြည်သူများကို အကာကွယ်ယူပြီး သွားလာခြင်း၊ အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည့်အတွက် ယခုလိုစစ်ဆေးမှုများ ဆောင်ရွက်ရခြင်းသည်ဟု ဆိုသည်။
“ ကျတော်တို့ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ လမ်းမကြီးတလျှောက်ကို နေ့စဥ်စစ်ဆေးမှုပြုလုပ်နေတာပါ။ အခက်အခဲက ရာသီဥတုပါပဲ။ တခြားတော့အဆင်ပြေပါတယ်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့၌ ပြည်ထောင်စုလမ်းမကြီးပေါ်စစ်ဆေးစဉ် ခရီးသည်အသွင်ဖြင့် ယာဥ်ပေါ်တွင် လိုက်ပါလာသော အရပ်ဝတ်စစ်ကောင်စီတပ်သား (၄) ဦးကို တွေ့ရှိခဲ့သဖြင့် ထိန်းသိမ်းခဲ့ပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း စုံစမ်းသိရှိရသည်။
ထိုသို့ PDF ပူးပေါင်းတပ်ဖွဲ့များမှ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမ တစ်လျှောက် နယ်မြေစိုးမိုးရေးအတွက် ယခုလို ဆောင်ရွက်နေသည်ကို စစ်ကောင်စီလက်အောက်ခံ (၃၁၇) အမြောက်တပ်မှ ၈၁ မမ လက်နက်ကြီးဖြင့် ၅ ချက်ခန့် ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူများပိုင်ဆိုင်သော ရာဘာခြံအတွင်းသို့ လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
” ဟုတ်ပါတယ်။ စကစဘက်က ၂၀ ရက်နေ့မှာ တစ်ကြိမ်၊ ၆ လုံး ရွာတွေဘက် ရမ်းသန်းပစ်တယ်။ သုံးလုံးကွဲတယ်။ လူမထိ ရွာမထိဘူး။ ၂၁ ရက်နေ့ကလည်း ငါးလုံးလောက်ပစ်တယ်။ ရွာထဲကျတယ် လူတော့ မထိဘူး” ဟု ဖြစ်စဉ်နှင့်စပ်လျဉ်း၍ S.O.F တာဝန်ခံက ဆက်ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် KNLA တပ်ရင်း ၂၇ မှ မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် ၈ လမ်းပိုင်းသွားလာကြမည့် ကားများအနေဖြင့် စစ်တပ်၏ လက်နက်ခဲယမ်း အပါအဝင် စစ်အင်အားတိုးချဲ့သည့် လူနှင့် ပစ္စည်းများ သယ်ဆောင်လာလျှင် စစ်ဆေးတွေ့ရှိမှုပေါ် မူတည်ပြီး အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန် အသိပေးထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းပိုင်းတွင် သွားလာနေသည့် မော်တော်ယာဉ်များ အနေဖြင့် KNLA တပ်ဖွဲ့ဝင်များ စစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံရန် စစ်ကောင်စီနှင့် ပတ်သက်သည့် လူများ၊ ပစ္စည်းများ တင်ဆောင် မှု မပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် စစ်တပ် ယာဉ်များနှင့်လိုက်ပါ စီးနင်းခြင်းမျိုး မပြုလုပ်ရန်နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ယာဉ်များအနေဖြင့်လည်း ကြည်ဖြူစွာ ရပ်တန့်၍ အစစ်ဆေးခံရန် စသည့်အချက်များ ပါရှိကြောင်း သိရသည်။
PDF ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်အား ယင်းအမိန့်ထုတ်ပြန်ချက်အတိုင်း စစ်ဆေးသွားမည်ဖြစ်ပြီး သာမန်ခရီးသွားပြည်သူတွေအနေဖြင့် အမိန့်ကြေညာချက်ပါအချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စိတ်ချယုံကြည်စွာ သွားလာနိုင်ကြောင်းလည်း အသိပေးထားပါသည်။