မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ငါးမြားရွာရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ (၆) ဦးသေဆုံးပြီး (၁၂) ဦးထိခိုက်ဒဏ်ရာရှိကြောင်း Eagle Guerrilla Force ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ သတင်းထုတ်ပြန်ထားသည်။
ဇွန်လ (၂၄) ရက်နေ့ နံနက် (၈) နာရီခန့်က ငါးမြားရွာ စစ်ကောင်စီတပ်စခန်းကို ဒရုန်း (၃)စင်းအပါ ဗုံးသီး (၁၂) လုံးဖြင့် မိနစ် (၂၀) ကျော်ကြာ တိုက်ခိုက်ခဲ့ပြီး စစ်သားများအပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့သည်ဟု Eagle Guerrilla Force ရွှေဘိုခရိုင်တပ်ရင်း-၁၅ က အသိပေးထားသည်။
“ စခန်းထဲမှာ အင်အား (၆၀) လောက်ရှိတယ်။ ဗုံးချတော့ အကုန်ပြာယာခတ်နေကြတယ်။ သေဆုံးတာနဲ့ ဒဏ်ရာရတာကိုတော့ ခိုင်လုံတဲ့သတင်းကနေ သိရတယ်။ ဗီဒီယိုနောက်ဆုံးမှာ ကားပေါ်တင်နေတာတွေပါတယ်” ဟု Eagle Guerrilla Force ရွှေဘိုခရိုင်တပ်ရင်း-၁၅ တပ်ရင်းမှူးဗိုလ်ကောက်ရိုးက MPA သို့ ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှုကို Eagle Guerrilla Force ရွှေဘိုခရိုင်တပ်ရင်း-၁၅၊ ကျောက်ဆည်ခရိုင်တပ်ရင်း-၁ (နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း-၇ (Zeroပြောက်ကျား) နှင့် Danger Force LPDF အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။