စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နှင့် ဝက်လက်မြို့နယ်အစပ်တွင် အင်အား (၁၀၀) ပါ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားများ (၁၀) ဦးထက်မနည်း ဒဏ်ရာရပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု Eagle Guerrilla Force ရွှေဘိုခရိုင်တပ်ရင်း-၁၅ ထံမှ သိရသည်။
ဇွန်လ (၂၃) ရက် ညနေ (၃) နာရီ (၄၅) မိနစ်ခန့်က လှတောရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ရွှေဘိုမြို့နှင့် ဝက်လက်မြို့နယ်အစပ်ရှိ ဘုန်းဘွဲ့ရွာတောင်ဘက် ရွှေဓားကျောင်းဘုန်းကြီးကျောင်းနားတွင် Rocket (၆) လုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး မိနစ် (၃၀) ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု Eagle Guerrilla Force ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ သတင်းထုတ်ပြန်ထားသည်။
“ ဘုန်းဘွဲ့ရွာ ရွှေဓားကျောင်းကနေအထွက်ကို ထိတွေ့တိုက်ပွဲဖြစ်တာပါ။ သူတို့ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်” ဟု Eagle Guerrilla Force ရွှေဘိုခရိုင်တပ်ရင်း-၁၅ ၏ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက MPA သို့ ပြောသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများ အထိနာ၍ ရွှေဓားကျောင်းတွင် တစ်ညတပ်စွဲပြီး နောက်နေ့နံနက်၌ ရွှေဘိုသို့ ထွက်ခွာသွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ ၁၀ ယောက်အထက် ဒဏ်ရာရတယ်။ ရွှေဘိုကနေ ကား (၂) စီးနဲ့ လာတင်သွားတယ်လို့ မြင်လိုက်ရတဲ့ ပြည်သူတစ်ဦးက ပြောပြတာ။ ကျတော်တို့ဘက်ကလည်း ဒေသခံအဖွဲ့ထဲက တစ်ယောက်ကျသွားတယ်” ဟု ဗိုလ်ကောက်ရိုးက ရှင်းပြသည်။
စစ်သားများသေဆုံးမှုနှင့် ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
လက်ရှိတွင် ယင်းစစ်ကြောင်းသည် ရွှေဘိုမြို့သို့ ရောက်ရှိသွားပြီဟု စုံစမ်းသိရှိရသည်။
အဆိုပါထိတွေ့တိုက်ပွဲတွင် Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင် တပ်ရင်း-၁၅၊ Fight For Freedom (FFF) ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ခွဲ ၂၊ ဒေသခံအဖွဲ့ အစည်းများနှင့် ပူးပေါင်းပါဝင်ခဲ့ပြီး Civil MEDIA SRPST အဖွဲ့ကလည်း ထောက်ပံ့မှုပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။