ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ရွှေလေးကြိုးဝိုင်းအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာစဉ် PDF တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိကြောင်းသိရသည်။
ဇွန်လ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် သိမ်ကုန်းအထိုင်စခန်းမှ ရွှေလေးကြိုးဝိုင်းအတွင်း အင်အား ၄၀ ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်သားများကို လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ လက်နက်ငယ်နဲ့ ကြားဖြတ်တိုက်ခိုက်တာ။ ၁ ယောက်သေတယ်။ ၆ ယောက်ဒဏ်ရာ ရတယ်။ ၆ ယောက်ထဲက ၁ ယောက်က ပြင်းထန်ဒဏ်ရာရလို့ စောင်ပုခက်နဲ့ ပြန်သယ်သွားတယ်” ဟု PPDFမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သားများမှ ၅ မိနစ်ခန့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်သားကို အခင်းဖြစ်ပွားသည့် နေရာ၌ မီးရှို့ခဲ့ပြီး ဒဏ်ရာရရှိသည့် စစ်သားများကို စောင်ပုခက်လုပ်၍ ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) တပ်ရင်းအဖွဲ့-၂ လင်းယုန်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) တပ်ရင်း-၂၊ တပ်ခွဲ(၂) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။