အင်းစိန်မြို့နယ် (ရွာမအနောက်) ဝက်ဒိုင်လမ်းမပေါ်တွင် ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ည ၈ နာရီခွဲကျော် အချိန်ခန့်က အမျိုးသားနှစ်ဦး စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦး ဓားထိုးခံရ၍ ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ညပိုင်း ထမင်းစားနေစဉ် သူငယ်ချင်းအချင်းချင်းကြား စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးထဲမှ တဦးမှာ ဓားနှင့်ထိုးခဲ့ရာမှ ဓားထိုးခံရသူမှာ သေဆုံးခဲ့တာ ဖြစ်ကြောင်း တွဲလက်လူမှု ကူညီရေးအသင်းထံမှ သိရသည်။
“ အခင်းဖြစ်တာကတော့ 8 နာရီလောက်ကဖြစ်တာ၊ ကျနော်တို့ရောက်သွားတော့ အလောင်းပဲ ကောက်ရတယ်၊ သူတို့က ထမင်းစားနေရင်း စကားများပြီး ရန်ဖြစ်ရင်း တယောက်ကဓားဒဏ်ရာတွေနဲ့ဆုံးသွားတာ” ဟု ၎င်းတို့ထံမှ သိရှိရသည်။
ဖြစ်စဉ်တွင် ဓားထိုးခံရသောအမျိုးသားမှာ ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် နောက်ဘက် ကျောပိုင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ကျူးလွန်သူ အမျိုးသားအား အခင်းဖြစ်ပွားရာနေရာ၌ပင် ဖမ်းဆီးရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
အဆိုပါဖြစ်စဉ်တွင် ထိုးသွင်း ဓားဒဏ်ရာများနှင့် သေဆုံးနေသော အမျိုးသားရုပ်အလောင်းအား PR – 022 Coad နံပါတ်ဖြင့် အင်းစိန်ရင်ခွဲရုံသို့ စနစ်တကျ ထုတ်ပိုးပို့ဆောင်ထားရှိခဲ့ကြောင်း အသင်းထံမှ သိရှိရသည်။