မိုခါဆိုင်ကလုန်းမုန်တိုင်းအလွန် ရခိုင်ပြည်နယ်တွင် ဆန်အပါအဝင် အခြားအခြေခံစားသောက်ကုန်များ ဈေးနှုန်းအဆမတန် မြင့်တက်နေမှုနှင့် ရင်ဆိုင်နေရကာ လက်လုပ်လက်စား အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
“အရင်ကတော့ ပေါ်ဆန်းမွှေးက တစ်အိတ်မှ ၇၀,၀၀၀ ကျပ်ပဲ ရှိတယ်။ အခုက ၁၂၀,၀၀၀ ကျပ်တောင် ဖြစ်နေပြီ။ တစ်နေ့ဝင်ငွေကမှ ၃,၀၀၀ ကျပ်နဲ့ ၅,၀၀၀ ကျပ် ကြားရှိတာကို ဆန်ကဖြင့် တစ်ပြည်ကို ၅၀၀၀ ကျပ်ကျော်နေတော့ ဘယ်လိုရပ်တည်နေထိုင်ပြီး စားရမလဲ။ အခုက ကုန်ဈေးနှုန်းတွေက တက်နေတာဆိုတော့ ရှိတာနဲ့ပဲ အဆင်ပြေအောင်နေရတာပေါ့”ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
မိုခါအလွန်တွင် အဆမတန်မြင့်တက်လာသော ကုန်ဈေးနှုန်းကြောင့် ဒေသခံများနှင့် လက်လုပ်လက်စားမိသားစုများလည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကာ အခြေခံစားသောက်ကုန်များတွင် ဆန်ဈေးနှုန်းအဆမတန်မြင့်တက်လာမှုသည် ဒေသခံရခိုင်ပြည်သူများအတွက် အဆိုးရွားဆုံးဖြစ်လာကြောင်း ဒေသခံများမှ ပြောသည်။
“ဆန်တွေက ဈေးတက်လာတယ်။ အရင်က သောင်းဂဏန်းပဲ ရှိတဲ့ ဆန်တွေက သိန်းကျော်ပေးဝယ်နေရတယ်။ ကျန်တဲ့ ကုန်ပစ္စည်းတွေကတော့ ပြန်တော့ကျပေမယ့် ပုံမှန်တော့ မဖြစ်သေးဘူး။ အခုဆို ဆန်ကြမ်း တစ်အိတ်က ၇၀,၀၀၀ ကျပ်နဲ့ တစ်သိန်းကြားဝယ်ရပြီးတော့ ဆန်ကောင်းတွေဆိုရင် တစ်သိန်းအထက်တွေ ဖြစ်နေတယ်”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံ ကိုခိုင်မင်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်မှုသည် လွန်ခဲ့သည့် ၃ နှစ် ၂၀၂၁ ခုနှစ်အတွင်းက စတင်ခဲ့ကာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အတွင်းတွင် သိသိသာသာမြင့်တက်လာပြီး ယခုနှစ် ၂၀၂၃ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် ကုန်ဈေးနှုန်းမှာ အဆမတန်မြင့်တက်လာခဲ့ကြောင်း သိရသည်။
“ဈေးတွေကတော့ တက်နေတယ်ဆိုတာကလည်း ပြည်မကနေ သယ်ရတာတွေရော အဲ့ဒီမှာကိုက တက်နေတာတွေရောကြောင့် ဖြစ်တာပါ။ ဆန်ကတော့ ဒေသတွင်းထွက်တာတွေ ရှိပေမယ့်လည်း ဈေးတွေတက်တယ်။ တချို့ဆိုင်တွေကလည်း ပုံမှန်ဈေးအတိုင်း ရောင်းပေးတာတော့ ရှိပါတယ်။ အခုဈေးတွေတက်တော့ စစ်ကောင်စီကလည်း အရေးယူမယ်တို့ဘာတို့ ပြောတာတော့ရှိတယ်။ သူတို့ လက်တွေ့တော့ အရေးယူတာမျိုးတော့ မတွေ့သေးဘူး။ အေအေကလည်း ညှိနှိုင်းပေးတာတွေတော့လည်း ရှိပေမယ့် ဈေးတွေကတော့ တက်တဲ့ပစ္စည်းကတော့ တက်နေတာပါပဲ။ ကိုယ်တွေလည်း မရောင်းမဖြစ်လို့ ရောင်းရတာပေါ့”ဟု အခြေခံကုန်စည်များ ရောင်းချသော ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်မှ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ငွေကျပ်လေးသောင်းခန့်သာ ရှိခဲ့သော်လည်း အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းကာလနှင့် မုန်တိုင်းအလွန်တွင် ဆန်အပါအဝင် အခြားကုန်စည်များ၏ ဈေးနှုန်းများသည် အဆမတန်မြင့်တက်လာခဲ့သည်။
လက်ရှိချိန်တွင် မိုခါကြောင့် ဆန်စပါးများလည်း ပျက်စီးခဲ့ရသည့်အတွက် ဒေသတွင်းထွက်ရှိသော ဆန်များအား ပြည်နယ်ပြင်ပဈေးကွက်သို့ တင်ပို့ရောင်းချရာတွင်လည်း အခက်အခဲများရှိနေကြောင်း သိရသည်။