မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားများနှင့် ဌာနေတရုတ်များမှာ မှတ်ပုံတင်ရရန် ငွေ ၅သိန်းအထိ ပေးနေရကြောင်း စုံစမ်းသိရှိရသည်။
မိုးကုတ်မြို့နယ်အတွင်းရှိ ဂေါ်ရခါး၊လီရှော စသည့်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံဖွားတရုတ်လူမျိုး တို့မှာ မှတ်ပုံတင်ပျောက်၍ဖြစ်စေ၊ယခုမှ မှတ်ပုံတင်လျှောက်ထားခြင်းဖြစ်စေ ကိုယ်ရေး အချက်အလက်စုံလင် သည့်တိုင် ကျပ်၅သောင်းပေးရပြီး အချက်အလက်မစုံပါက မစုံလျှင် မစုံသလို ကျပ် ၅သိန်းအထိ ပေးရကြောင်း ကိုယ်တွေ့ကြုံခဲ့သူ ဒေသခံအချို့ကပြောသည်။
စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် မိုးကုတ်မြို့လဝက ဝန်ထမ်းများက ယင်းသို့ အဂတိလိုက်စားခြင်းဖြစ်ပြီး ငွေပေးသည့်တိုင် မှတ်ပုံတင်ရရန် လေး၊ငါးလ ကြာသည်အထိ စောင့်ရ ကြောင်း သိရသည်။
” အချက်အလက် မစုံရင် ပိုက်ဆံ ပိုပေးရတယ်။ မိဘ ၂ ပါးမှာ မှတ်ပုံတင်ရောအချက်အလက်အစုံရှိရင် ၅သောင်းပေးရတယ်။ တစ်ခါတလေ ၁သိန်း၊ ၁သိန်းခွဲ၊ ၅သိန်း အထိ သူတို့တောင်းရင်တောင်းသလို အစားစားပေးရတာမျိုးရှိတယ် ” ဟု မှတ်ပုံတင်လုပ်ခဲ့ဖူးသူ ဒေသခံ အမျိုးသမီးတစ်ဦး က MPA ကို ပြောသည်။
မိုးကုတ်မြို့ရှိ တိုင်းရင်းသားများနှင့်ဌာနတရုတ်များ မှတ်ပုံတင်လျှောက်သော အခါ ခရိုင်ရုံးအထိ တင်ရတာကြောင့် အချိန်ကြာသလို လဝက ဝန်ထမ်း အဆင့်ဆင့်ကို ဖြတ်သန်းရသောကြောင့် ငွေလည်း များများပေးရခြင်းဖြစ်ကြောင်း မိုးကုတ်လဝကရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
” သပိတ်ကျင်းခရိုင်အထိ ပို့ရတယ်လို့ပြောတယ် ။တကယ်ကျေတာ့ ဦးစီး(လဝကဦးစီးမှူး) လက်မှတ်စောင့်ရတာ၊ ဦးစီးရှိရင်ရှိသလို မြန်မြန်ရတာတွေရှိတယ်။ ဦးစီးကလည်း ခဏခဏထမင်းစားနားလိုက်၊ လက်ဖက်ရည်သောက်နားလိုက်နဲ့ နားချိန်တွေများပြီး တမင် ရစ်နေတာပဲ” ဟု ၎င်းက ဆိုသည်။
ယင်းသို့သောအခြေအနေကြောင့် မိုးကုတ်မြို့နယ်အတွင်း ငွေကြေးမတတ်နိုင်သော တိုင်းရင်းသားများမှာ မှတ်ပုံတင်လုပ်နိုင်ခြင်း မရှိကြကြောင်း သိရသည်။