စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် နောက်တန်းပြန်သည့် ဆေးတပ်သား ၄ဦးနှင့် ရှေ့တန်းရဲဘော် ၄ ဦး တစ်ရက်တည်း ကျဆုံးခဲ့ကြောင်း KNDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရှေ့တန်း ရဲဘော် ၄ ဦး ကျဆုံးခဲ့ရပြီး နာရီအနည်းငယ်အကြာတွင် နောက်တန်းမှ ဆေးတပ်သား ၄ ဦးကျဆုံးခဲ့ရကြောင်း KNDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အလွယ်ပြောရရင်ဗျာ မေလ ၂၄ ရက်နေ့ တစ်ရက်တည်းကို ရဲဘော် ၈ ဦး ကျတယ်။ နေရာတွေတော့ မတူဘူး။ ဒီမော့ဆို အရှေ့ခြမ်းက တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ရဲဘော် လေးဦးကျတယ်။ ဒီမော့ဆိုအနောက်ခြမ်းကို မနက် လေးနာရီမှာ ဗုံးကြဲတော့ နောက်တန်းစခန်းကို ရောက်နေတဲ့ ဆေးတပ်သား လေးဦးကျတယ်။ ခိုင်လေး၊ အန်ဂျလာ၊ ဘော့စကိုနဲ့ မြထွေးတို့ပေါ့” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မေလ ၂၄ရက်နေ့ ည ၉နာရီ ၃၀မိနစ်တွင် ဒီမော့ဆိုမြို့နယ်တစ်နေရာတွင် ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း ယနေ့နံနက်အစောပိုင်းက KNDF B-06 တပ်ရင်းမှ ထုတ်ပြန်ထားသည်။
“ ဆေးတပ်သား ၄ဦးသေတယ်ဆိုတာက ကျွန်တော်တို့ တပ်ရင်းကမဟုတ်ပါဘူး။ဒီနေ့ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။အသေးစိတ်ကိုတော့ ဗဟိုကပဲ ဖြေကြားပေးပါလိမ့်မယ်” ဟု KNDF B-06 တပ်ရင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ်(၆) မှ ရဲမေ မာရီယာမေဝမ်း၊ ရဲဘော် မာတေးအို၊ ရဲဘော် ဖရန်စစ်စကိုမောင်လိုက်၊ ရဲဘော် ဂျွန်ဖိလစ် နှင့် ရဲဘော် ဘောစကို တို့သည် ကရင်နီပြည်တစ်နေရာတွင် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးအပ်သွားခဲ့ကြောင်း KNDF B-06 တပ်ရင်းမှ ယနေ့ ထုတ်ပြန်ထားသည်။