အကျဉ်းထောင်များအတွင်း နိုင်ကျဉ်းများအပေါ် ဖိနှိပ်ညှင်းပန်းမှု အခြေအနေများက ယခုလပိုင်းအတွင်း သိသိသာသာ ပိုပြီး ဆိုးဝါးလာနေပြီး မြန်မာနိုင်ငံ၏ ဗဟိုအကျဉ်းထောင်ဖြစ်သည့် အင်းစိန်ထောင်တွင်းမှာလည်း ဖိနှိပ်မှုများ၊ ရိုက်နှက်မှုများလည်း ဆက်တိုက်လုပ်ဆောင်လာကြောင်း စုံစမ်းသိရသည်။
“မနေ့က ရုံးထွက်တော့ သူက ပြောတယ်။ ဝါတာရဲတွေက လမ်းကြောင်းမှာ တင်ပြစရာရှိရင် ပြောဆိုလို့ သူနေတဲ့ နေရာ အဆင်မပြေကြောင်းလေး ထပြောမိတာ ခေါ်ပြီးရိုက်တယ်တဲ့။ ရိုက်နှက်ခံထားရတာ ကျောမှာ အရှိုးရာတွေကြီးပဲ။” ဟု အမည်မဖော်လိုသူ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးမှ ဆိုသည်။
အလားတူ ရိုက်နှက်မှုမျိုး ယခုလပိုင်းအတွင်း ပိုဆိုးလာကြောင်း၊ ထောင်ထဲတွင် အမျိုးသားဆောင်များအတွင်း အကြောင်းမရှိ အကြောင်းရှာကာ ခေါ်ယူရိုက်နှက် တိုက်ပိတ်ခံနေရကြောင်း အခြား နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးကလည်း ပြောသည်။
“ကျနော့်ရဲ့တူ အခြေအနေက ဘာမှန်းမသိရသေးဘူး။ အခု ရုံးမထုတ်လာတာ နှစ်ပတ်ရှိပြီ။ တဆင့်ပြန်ကြားတာတော့ လှုပ်ရှားမှုတခုထဲ ပါလို့ ဆိုပြီး တိုက်ပိတ်ခံထားရတယ်လို့လဲ ပြောတယ်။ အဆောင်ပြောင်းခံရတယ်လို့လဲ ကြားတယ်။” ဟု ၎င်း၏ တူအခြေအနေကို စိုးရိမ်နေကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ပထမအပတ်မှ စတင်ကာ အချုပ်သားများကို ရုံးထုတ်လျှင် သံခြေကျဉ်းများ ခတ်ကာ ရုံးထုတ်ခဲ့ကြောင်း၊ အကျ အကျဉ်းသားများဆိုလျှင် နောက်အမှု ရုံးထုတ်လျှင် တစ်ပေခွဲရှိသည့် သံဒေါက်များ ခတ်ကာ ရုံးထုတ်ခြင်းများ ရှိလာကြောင်း ရှေ့နေများမှ တဆင့် သိရသည်။
ဒါ့အပြင် ဇွန်လ ဒုတိယအပတ်မှ စတင်ကာ အနှစ် ၄၀ နှင့်အထက် ပြစ်ဒဏ်ကျခံထားရသည့် နိုင်ငံရေး အကျဉ်းသားများကို နောက်အမှုနှင့် ရုံးထုတ်ခွင့် မပြုတော့ဘဲ ထောင်တွင်းမှာ ဗီဒီယိုခေါ်ဆိုမှုနှင့်သာ အမှုရင်ဆိုင်နေရ သည်ဟုလည်း ရှေ့နေများထံမှ သိရသည်။
“ ပြင်ဆင်ထားတဲ့ အကြမ်းဖက်ဥပဒေအရ အဲ့ဒီလို လုပ်တာပါလို့ ပြောတယ်။ နှစ် ၄၀ ကျော်ရင် နောက်အမှုဆို Video Call နဲ့ပဲ အမှုရင်ဆိုင်ခိုင်းတယ်။ ကိုယ့်အမှုသည်ကို အပြင်ထွက်စေချင်ရင် ရှေ့နေက အာမခံရမယ်ပြောတယ်။” ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ရှေ့နေက ဆိုသည်။
စစ်ကောင်စီတပ်အား နိုင်ငံတကာမှ ဝိုင်းဝန်းပြောဆိုနေသော်လည်း အင်းစိန်ထောင်ရှိ အကျဉ်းသားအခွင့်အရေးများစွာ ဆက်လက်ဆုံးရှုံးနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်အား ICJမှ အရေးယူဆောင်ရွက်မှုများကို ထိထိရောက်ရောက်ဆောင်ရွက်သင့်ကြောင်းနှင့် မပြုလုပ်ပါက ထောင်တွင်းညှင်းပန်းဖိနှိပ် အကြမ်းဖက်သတ်ဖြတ်မှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ဦးထွန်းကြည်က ထပ်မံ အသိပေး ပြောကြားခဲ့သည်။
“ အင်းစိန်ထောင်မှာ ဘာဖြစ်လာလဲဆိုတော့ လူကလဲ များလာတယ် ရာသီဥတုကလည်း ပြင်းထန်တယ် နောက်တစ်ခုက ရေကလည်းရှားပါးတယ်။ သူကအမျိုးမျိုးအဖုံဖုံ နိုင်ငံရေးအကျဉ်းသားတွေကိုရွေးချယ်ပြီးတော့ ကင်းပါ စောင့်ခိုင်းတယ်။ ညဘက်မှာ ဘာယာလုပ်ခိုင်းတယ်။ ကင်းစောင့်ခိုင်းတယ်။ နောက်တစ်ခုက အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်။ အမျိုးသားဆောင်ပဲဖြစ်ဖြစ် အမျိုးသမီးအဆောင်ပဲဖြစ်ဖြစ် တမင်ရည်ရွယ်ချက်နဲ့ လုပ်လာတယ်။ ကမ္ဘာကိုဂရုမစိုက်ဘူးပေါ့ဗျာ” ဟု ဦးထွန်းကြည်က ပြောသည်။
၎င်းက ဆက်လက်ပြီး ” ဒီလိုမျိုးတွေ လုပ်လာတဲ့အခါကျတော့ သူတို့ကိုထိရောက်သော လက်တွေ့ကျသော အရေးယူမှုတွေမလုပ်ပဲနဲ့တော့ နိုင်ငံရေးအကျဉ်သားတွေ အပေါ်မှာ ဖိနှိပ်မှုတွေက ပိုသထက်ပို တိုးသထက်တိုး သူတို့က လုပ်လာမှာပဲ သူတို့ကျတော့ အရေးယူမှုက ကင်းလွတ်နေတာပေါ့ဗျာ။ အဲ့ဒီ့ကနေ သူတို့က ကင်းလွတ်နေတဲ့ အခါကျတော့ ပိုသထက်ပိုတိုးပြီး ဖိနှိပ်ပြတာ။ ဘာကြောင့်လဲဆိုတော့ သူတို့အငြှိုးအတေး ဘာကြီးလဲဆိုတော့ သူတို့ကိုဆန့်ကျင်အံတုတဲ့ မီဒီယာတွေ အပါအဝင် သမဂ္ဂတွေအပါအဝင် ကျောင်းသားလူငယ်တွေ Generation Zတွေ ပြည်သူလူထုတစ်ရပ်လုံးအပေါ် သူတို့မြင်တဲ့အမြင်က ရာဇဝတ်သားလို့မြင်တယ်” ဟု ဦးထွန်းကြည်က သုံးသပ်ပြောကြားခဲ့သည်။
လက်တလောဖြစ်ပေါ်နေသည့် အင်းစိန်ထောင်အတွင်း ဖိနှိပ်အကြမ်းဖက်မှုများနှင့ ်ပတ်သက်၍ ထိထိရောက်ရောက် မဆောင်ရွက်ပေးခြင်းသည် စစ်ကောင်စီတပ်အား လျစ်လျူရှုကာ မျက်ကွယ်ပြုထားခြင်း ဖြစ်ကြောင်း ဦးထွန်းကြည်က ပြောသည်။
“အင်းစိန်ထောင်ရဲ့ အဖြစ်အပျက်တွေအပေါ်မှာ ဒီတိုင်းပဲ လက်ပိုက်ကြည့်နေမယ်ဆိုရင် တကယ့်တကယ်ကျတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ တွေ ရာဇဝတ်မှု ကျူးလွန်နေတာတွေကို လက်ပိုက်ပြီးတော့ ထိုင်ကြည့်နေတဲ့ပုံစံမျိုးဆိုရင်တော့ ဒါတာဝန်မကင်းဘူးလို့ ရှုမြင်သုံးသပ်တယ်။” ဟု ၎င်းက ဝေဖန်ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံတဝှမ်း ထောင်ဖောက်ပြေးမှုများဖြစ်ပေါ်နေသဖြင့် စစ်ကောင်စီတပ်မှ အကျဉ်းသားများအား အငြိုးအတေးထားကာ ထောင်ပါဆယ်ပိတ်ဆို့ခြင်း၊ ဧည့်တွေ့ချိန်ကန့်သတ်ခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများကိုရွေးချယ်ကာ ကင်းစောင့်ခိုင်းခြင်းနှင့် ညဘာယာလုပ်ခိုင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။