စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ယနေ့ဇွန်လ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ကားတစ်စီး တံတားပေါ်မှပြုတ်ကျကာ ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကလေးမြို့နယ်၊ ရာဇဂြိုလ်ရွာမှ တွန်းဇံမြို့နယ်၊ ရှာလ်ထောဇန်ရွာဘက်သို့ သွားပြီးအပြန်တွင် ရာဇဂြိုဟ်ဆည် တံတားပေါ်မှ အရှိန်မထိန်းနိုင်ဘဲ ယခုလို ပြုတ်ကျသွားခြင်းဖြစ်သည်ဟု သိရသည်။
“ရှာလ်ထောဇန်ရွာက အပြန်ဖြစ်တာ။ နာရေးသွားပြီး အပြန်ဆည်က တံတားပေါ် အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျတာတဲ့။ ၇ ဦးသေ ၃ ဦးဒဏ်ရာရတယ်”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ယာဥ်မတော်တဆဖြစ်သည့်ကားသည် ယဥ်မောင်းဦးမာန်ခင်း၏ ကားဟုသိရပြီး ယာဥ်မောင်းအပါအဝင် ၇ ဦး ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူများအား ရာဇဂြိုဟ်ဆေးရုံတွင် ဆေးကုသမှုပေးနေကြောင်း စုံစမ်းသိရှိရသည်။