အခြေခံလုပ်ခလစာ ၄၈၀၀ ကျပ်နှုန်းဖြင့် လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံမှ စက်ရုံလုပ်ငန်းများတွင် စက်ရုံတစ်ချို့မှ ယခု ဇွန်လအတွင်း လုပ်ခလစာ ၅၆၀၀ ကျပ်နှုန်းဖြင့် အလုပ်သမားများခေါ်ယူနေကြောင်း စက်ရုံအလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။
“အခုကတော့ စက်ရုံတွေက အလုပ်ခေါ်ရင် ၅၆၀၀ ကျပ် နှုန်းနဲ့ ပေးခေါ်နေကြပြီ။ တချို့စက်ရုံတွေကလည်း ၅၆၀၀ ကျပ်ပေးနေပြီ။ အတည်တကျဖြစ်သွားပြီပေါ့။ ညီမတို့ စက်မှုဇုန်ဆိုရင် တရားဝင်ဖြစ်သွားပြီ။ အစိုးရကတော့ တရားဝင် ၅၆၀၀ ကျပ် သတ်မှတ်ပေးတယ်လို့တော့ မကြားသေးဘူး။ စက်ရုံကတော့ လစာထုတ်ရင် ၅၆၀၀ ကျပ်ပေးမယ်လို့ ခေါ်ပြောပြီးပြီ။ တချို့ စက်မှုဇုန်က စက်ရုံတွေကလည်း ၅၆၀၀ ကျပ်နဲ့တော့ ပေးပြီးခေါ်နေပြီ”ဟု လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်မှ အထည်ချုပ်စက်ရုံအလုပ်သမတစ်ဦးက ပြောသည်။
လက်ရှိတွင် အခြေခံအလုပ်သမားတစ်ဦး၏ တစ်နေ့ကုန်ကျစရိတ်သည် ၇၀၀၀ ကျပ်နှင့် ၁၀,၀၀၀ ကျပိ ဝန်းကျင်တွင် ရှိနေသော်လည်း စက်ရုံအလုပ်သမားများ အနေဖြင့် လုပ်ခလစာသည် ၄၈၀၀ ကျပ်နှုန်းသာ ရရှိသည့်အတွက် ငွေကြေးမလုံလောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
“ညီမတို့ စက်ရုံမှာတော့ ၅၆၀၀ ကျပ်နဲ့ လကုန်ရင် လစာတွက်ပေးမယ်လို့ စူပါက ပြောထားတာတော့ရှိတယ်။ တရားဝင်တော့ အလုပ်သမားတွေကို ခေါပြီး ပြောတာမျိုးတော့ မရှိဘူး။ အကယ်လို့ လစာက ၅၆၀၀ ကျပ်ထိဆိုရင်တော့ အဆင်ပြေမှာပါ။ ၄၈၀၀ ကျပ်ဆိုတဲ့ တစ်နေ့လုပ်ခက ကိုယ့် တစ်နေ့အသုံးစရိတ်နဲ့ မကာမိဘူးလေ။ တိုးတော့ ပေးစေချင်တာပေါ့”ဟု တောင်ဒဂုံမြို့နယ်မှ အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးက ပြောသည်။
ထို့အပြင် ယခုရရှိသည့် တစ်နေ့လုပ်အားခသည် မြင့်တက်နေသော ကုန်ဈေးနှုန်းဖြင့် မလောက်ငှသည့်အတွက် ၅၆၀၀ ကျပ်အထိ သတ်မှတ်ကာ တိုးမြှင့်ပေးပါက ချောင်လည်သည့်အနေအထားသို့ ရောက်နိုင်ကြောင်းလည်း ဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ် သတ်မှတ်ထားပေးသော်လည်း အချို့သော အလုပ်သမားများမှာ မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားချိန်မှစတင်ကာ လက်ရှိအာဏာသိမ်းကာလအထိ အနိမ့်ဆုံးလုပ်ခ ၃၆၀၀ ကျပ်သာ ရရှိကြကြောင်းလည်း သိရသည်။
“အခုရတာကတော့ ဒေးကြေးက ၄၈၀၀ ကျပ်၊ OT ကြေးက ၁၂၀၀ ကျပ် ပေးတယ်။ မနက် ၇ နာရီခွဲရင်ဝင် ညနေ ၄ နာရီခွဲရင် အလုပ်သိမ်းတယ်။ အဲ့ဒီနောက်ပိုင်းဆင်းရရင် OT ကြေးက တစ်နာရီကို ၁၂၀၀၀ ကျပ်ပေးတယ်။ OT ခေါ်မှ တစ်လ လစာထုတ်ရင် ၂၈၀,၀၀၀ ကျပ် နဲ့ ၃၀၀,၀၀၀ ကျပ် ကြားရတာ။ အဲ့ဒီကြားထဲ နေမကောင်းလို့ အလုပ်ပျက်ရင် တစ်နေ့ အဖျက်ခံရတာက ၃၀,၀၀၀ ကျပ်နဲ့ ၃,၅၀၀၀ ကျပ် ကြားရှိတယ်။ အဆင့်တွေလည်း ချပစ်တာပေါ့။ အဲ့ဒီလိုပျက်ရင် လစာ ၂ သိန်းစွန်းစွန်းပဲ ရကြတော့တယ်။ အဲ့ဒီတော့ နေမကောင်းရင်တောင် အလုပ်ကို မရရအောင်ကို ဆင်းနေရတာ။ လစာနဲ့ ဈေးနှုန်းက အဆမတန်တွေ တက်နေတော့ ကိုယ်ရှာနိုင်မှ ကိုယ်အဆင်ပြေမှာဆိုပြီး အလုပ်ဆင်းရတော့တာပေါ့။ အခုကတော့ ဒေးကြေးကို ၅၆၀၀ ကျပ်ထိ တိုးပေးမယ်။ OT ကြေးကလည်း ၁၄၀၀ ကျပ်ပေးမယ်လို့ ပြောတော့ ပျော်တာပေါ့။ အဆင်အပြေကြီး မဟုတ်ရင်တောင် ပြေပြေလည်လည်လေးတော့ ဖြစ်တာပေါ့ ”ဟု စက်ရုံအလုပ်သမားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အနိမ့်ဆုံး လုပ်ခလစာ ၄၈၀၀ ကျပ် သတ်မှတ်ကြောင်းအား အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့ပြီး ယင်းနှစ် မေလအတွင်းမှာပင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်ထားခဲ့သည်။
အနည်းဆုံးလုပ်ခကြေးငွေ ၄၈၀၀ ကျပ် သတ်မှတ်ပြီး ၂ နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင်သတ်မှတ်မည်ဟု အလုပ်သမားများအနေဖြင့် မျှော်လင့်ခဲ့သော်လည်း ၅ နှစ်ကြာသည့်တိုင် လုပ်ခလစာပြောင်းလဲခြင်းမရှိခဲ့သလို လက်ရှိချိန်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း သိရသည်။