ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့က လျှပ်စစ်မီးပြန်လည် ရရှိသော်လည်း နေ့တဝက်မပြည့်ခင် ပြန်လည် ပြတ်တောက်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“မနေ့က နေ့လယ် ၂ နာရီက လာတယ်။ လာစတုန်းက မီးမငြိမ်တော့ ဘာအလုပ်မှတော့ မလုပ်ဖြစ်ဘူး။ ညနေလောက် မီးငြိမ်တော့မှပဲ မီးပူတိုက်တယ်။ နာရီဝက်လောက်ပဲ အလုပ်လုပ်ရသေးတယ်။ ပြန်ပျက်သွားတယ်။ ဒီနေ့ မနက်ထိတော့ ပြန်မရသေးဘူး”ဟု မြောက်ဦးမြို့နယ်၊ မြင်းခုန်တန်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖျက်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးမှုများတွင် မဟာဓာတ်အားလိုင်းမှ သွယ်တန်းထားသည့် ဓာတ်မီးတိုင်ပေါင်း ၃၅၀၀ ကျော်နှင့် လျှပ်စစ်တာဝါတိုင် ၇ တိုင် ပျက်စီးသွားခဲ့သည့်အတွက် ရခိုင်ဒေသခံများအနေဖြင့် မေလ ၁၄ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကြုံတွေ့နေကြရသည်။
“မီးက ရပါတယ်။ အိမ်က မီးစက်မောင်းရင်ပေါ့။ အစိုးရကတော့ မပေးသေးဘူး။ မြောက်ဦးမှာတောင် တချို့နေရာတွေကတော့ ရတယ်ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ မီးစက်နဲ့ပဲ သုံးရတုန်းပဲ။ မကြာခင်တော့ ပြန်ရတော့မယ် ထင်ပါတယ်”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် မီးများ ပြန်လည်ရရှိနေပြီဖြစ်သလို ပုဏ္ဏားကျွန်းမြို့နယ်သည်လည်း မီးများပြန်လည် ရရှိနေကာ ကျန်သည့် မြို့နယ်များအနေဖြင့် ယခုလကုန်တွင် မီးရရှိမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဇွန်လ ၁၅ ရက်နေ့က အသိပေးထားသည်။
“မီးက ရလားဆိုတော့ ရတယ်။ ပျက်လားဆိုလည်း ပျက်တယ်။ ရတဲ့အိမ်လည်းရှိသလို မရတဲ့ အိမ်တွေလည်း ရှိတယ်။ မီးက အတည်တကျ ပြန်ပေးတာလား။ စမ်းသပ်တာလားတော့ မသိဘူး။ မနေ့ကတော့ ခဏလာပြီး ပျက်သွားတယ်။ အခုထိတော့ ပြန်မလာသေးဘူး”ဟု မြောက်ဦးမြို့နယ် ပီပင်ရင်းမှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်ရှိ မြောက်ဦးနှင့် မင်းပြားမြို့တို့အား ရည်မှန်းကာလထက်စော၍ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်ခဲ့ကြောင်း လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ယမန်နေ့ နံနက် ၈ နာရီခန့်က ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-မြောက်ဦးလိုင်းနှင့် ၆၆ ကေဗွီ မြောက်ဦး-မင်းပြားလိုင်းတို့အား ဓါတ်အားပြန်လည်ပေးပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
လျှပ်စစ်မီးဖြန့်ဖြူးခြင်းအပါအဝင် ရခိုင်ပြည်သူများ၏ လူမှုဘဝများ ပြန်လည်ထူထောင်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ထူထောင်ရေးကာလအဖြစ် ၃ နှစ် သတ်မှတ်ထားသော်လည်း စစ်ကောင်စီမှ ထိရောက်သော အကူအညီများ မပေးနိုင်သေးကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။