ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုဖြစ်သည့် ဖရဲစစ်ရှောင် စခန်းတွေ ဇွန်လ ၂၃ ရက် ယနေ့ နေ့လည် ၁၂ နာရီခန့်က တောင်ကျချောင်းရေ နှစ်ခု အရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင့် စခန်းရှိ အိမ်သာနှင့် တိရစ္ဆာန်မွေးမြူရေးခြံအချို့ ပျက်စီးသွားကာ၊ လမ်းများ ပျက်စီးခဲ့သဖြင့် ကလေးများ ကျောင်းသွားရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။
“ ဒီနေ့ နေ့လည်လောက်ကပဲ တောင်ကျချောင်းနှစ်စင်းထဲက ရွံ့ရေတွေနဲ့ ပြင်းအားကြီးစွာ စီးဆင်းလာတယ်။ အိမ်တော့ ပျက်စီးတာမရှိပေမယ့် အိမ်သာ၊ ဝက်ခြံတွေတော့ ပျက်စီးတယ်။ ပိုဆိုးတာက လမ်းတွေက ကလေးတွေ ကျောင်းသွားလို့ မရအောင်ကို ပျက်စီးသွားပြီ” ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးမှ ပြောပါသည်။
အဆိုပါ ဖရဲစခန်းရှိသည့်နေရာတွင် ပြီးခဲ့သည့် နှစ်ပတ်ကတည်းက မိုးများ သည်းထန်စွာ ရွာသွန်းနေခဲ့ရာ ယနေ့အထိ မိုးရွာသွန်းမှုမှာ မရပ်သေးကြောင်း၊ မိုးရေချိန်များသည့်အတွက် ယခုနှစ် ရေကြီးမှု အခြေအနေမှာ ယခင်နှစ်တွေထက် ပိုပြီး ဆိုးရွားလာကြောင်း ၎င်းက ဆိုသည်။
ဖရဲစစ်ရှောင်စခန်းသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က ပြန်လည်ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် တကျော့ပြန် စစ်ပွဲ ဖြစ်လာချိန်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၇) အုပ်ချုပ်ရာ နယ်မြေဘက်သို့ စစ်ရှောင်လာသော စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ရှိခဲ့ကာ ၁၂နှစ်ကြာ နေထိုင်နေသည့် စစ်ရှောင်စခန်း တစ်ခုဖြစ်ကြောင်းလည်း သိရသည်။