ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်အား အပြုတ်တိုက်ရန် တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ ပူးပေါင်းကာ ဧရာဝတီတော်လှန်တပ်ဦး ဖွဲ့စည်းခဲ့ကြောင်း ဧရာဝတီတော်လှန်တပ်ဦး၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် စွန်ရဲနီနွေဦးတော်လှန်ရေးတပ်ဖွဲ့၊ ဧရာဝတီပြောက်ကျားတပ်ဖွဲ့၊ ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နဂါးနီတော်လှန်ရေးတပ်ဖွဲ့တို့မှ ၅ လကြာ ဆွေးနွေးတိုင်ပင်ပြီးနောက် ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့က ဧရာဝတီတော်လှန်တပ်ဦးကို တရားဝင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း ဧရာဝတီတော်လှန်တပ်ဦး၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောသည်။
“ စည်းစည်းလုံးလုံး ရှိမှ အောင်မြင်မှု့ရှိမှာမို့ ကျွန်တော်တို့ ပေါင်းစပ်ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ ကျွန်တော် တို့အဖွဲ့တွေဟာ လက်ရှိ ဧရာဝတီရဲ့ မြေပြင်မှာ မစ်ရှင်ဖော်ဆောင်မှုများတဲ့အဖွဲ့တွေပါပဲ၊ စနစ်တကျနဲ့ ပိုပြီး တိုက်ခိုက်နိုင်အောင် ကြိုးစားပြင်ဆင်နေပါတယ်” ဟု ၎င်းက ပြောသည်။
ဧရာဝတီတော်လှန်တပ်ဦး အနေဖြင့် နိုင်ငံရေးရည်မှန်းချက်၊ စစ်ရေးရည်မှန်းချက်၊ မဟာမိတ် မူဝါဒ၊ မူဝါဒလမ်း စဉ်နှင့် သစ္စာအဓိဌာန်လေးချက်ကို ချမှတ်ကာ စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတော်လှန်တပ်ဦး၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ယခုလို ဆက်ပြောသည်။
“ ခုလို စုစည်းလိုက်တာကလည်း အရင်ကထက် ပိုပီးတိုက်ခိုက်နိုင်အောင်ပါ။ ကျွန်တော်တို့နဲ့ ပူးပေါင်းလိုတဲ့ ဘယ်မဟာမိတ်တပ်ဖွဲ့ဝင်တွေ မဆို မူဝါဒတွေ လက်ခံနိင်ရင်တော့ ကျနော်တို့ဘက်က လက်ခံမှာပါ” ဟု ၎င်းက ပြောသည်။
ဧရာဝတီတော်လှန်တပ်ဦးအနေဖြင့် “ ငါတို့သည် တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ ငါတို့သည် အာဏာရှင်စနစ်ကို ပြီးဆုံးသည့်တိုင် ချေမှုန်းသွားပါမည်။ ငါတို့သည် ခေတ်အဆက်ဆက် အမှန်တရားအတွက် ကျဆုံးသွားခဲ့ရသည့် အာဇာနည် သူရဲကောင်းများအပေါ် သစ္စာစောင့်သိပါမည်။ ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်သွားမည်” ဟု သစ္စာအဓိဌာန် ၄ ချက် ချမှတ်ကာ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း သိရသည်။