ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းတွင် တပတ်ကျော်ကြာ မိုးရွာသွန်းမှုကြောင့် ဇွန်လ ၂၂ ရက်နေ့ ညပိုင်းတွင် ဥရုချောင်း ရေလျှံကာ လုံးခင်းကျေးရွာ အပါအဝင် အနီးဝန်းကျင် ဒေသအချို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ရေအနည်းငယ် ကျဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။
“မြေနိမ့်ပိုင်း တော်တော်များများမှာ ရေကြီးတာ မိုးက အရွာမပျက်ဘူး။ ရေကလည်း တအားပါတာ အထက် ကံဆီး ၊ဖားကန့်တို့ ဘက်က ရေက ဥရုချောင်းထဲဆင်းတော့ ချောင်းရေလျှံတာ။ ဥရုချောင်းရေလျှံတာနဲ့ လုံးခင်းက ရေကြီးတော့တာပဲ” ဟု လုံးခင်းဒေသခံ တစ်ဦးဖြစ်သူ မအင်ကြင်းက ယခုလိုပြောပါသည်။
၎င်းက ဆက်ပြီး “ မနေ့ ညနေကဆို ချောင်းရေက ၉ပေလောက်ထိကို တက်လာတာ မိုးကလည်း တအားရွာနေတော့ အိမ်ထဲအထိဆို ၁ ပေခွဲလောက်အထိ သိသိသာသာ တက်နေတာ ဒီမနက်တော့ မိုးဆဲသွားပြီး ရေအနည်းငယ်ကျသွားတယ်” ဟု သူမက MPA သို့ ပြောပါသည်။
မိုးရွာသွန်းမှုများလျှင် နှစ်စဉ် ဥရုချောင်းမှ ရေလျှံမှုများ ရှိသည့်အတွက် မိုးတွင်းဆိုလျှင် ရေဘေးရှောင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်ထားရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ မိုးက ဒီမနက်ဆက်မရွာလို့ တော်သေးတယ် ဆက်သာရွာရင် ညတွင်းချင်း ပြောင်းကျရမှာ ရေကအတော်များ တာ နှစ်တိုင်းချောင်းရေလျှံရင် မြို့ပေါ်မှာရှိတဲ့ အမျိုးတွေဆီ ပြောင်းနေရတာ မိုးကောင်းပြီ ဆိုတာနဲ့ ပစ္စည်းတော်တော် များများ သိမ်းစည်းပြီး ရေအတက်ကို စောင့်ကြည့်နေရတယ် မနှစ်ကလည်း အခုလိုပါပဲ ရေတက်ပြီဆို အခြားရပ်ကွက်က ပရဟိတအဖွဲ့တွေက ထမင်းထုတ်လာဝေတယ် ရေကျလောက်မှ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး လိုအပ်တာတွေ လုပ်ပေးတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောပါသည်။
လာမည့် ၂၄ နာရီ အတွင်း ဇွန်လ ၂၃ ရက် နေ့လည် ၁ နာရီခွဲမှ ဇွန်လ ၂၄ ရက် နေ့လည် ၁ နာရီခွဲအထိ မြန်မာတနိုင်ငံလုံး အတိုင်းအတာနှင့် မိုးရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်တို့တွင် မိုးများနိုင်ကြောင်း၊ မိုးရေချိန် အနည်းဆုံး ဝ.၄ လက်မမှ အများဆုံး ၅ လက်မအထိ ဖြစ်နိုင်ကြောင်းနှင့် မိုးကြီးပြီး ရေကြီးရေလျှံမှုများဖြစ်နိုင်ခြေ ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှလည်း ယနေ့တွင် သတိပေးထုတ်ပြန်ထားသေးသည်။