ရန်ကုန်မြို့တွင် စစ်ကောင်စီတပ် လုံးဝထိန်းချုပ်လို့ မရနိုင်ကြောင်း ပြသသည့်အနေနှင့် ရန်ကုန်မြို့မှာ စစ်အာဏာရှင် တွန်းလှန်ရေးလှုပ်ရှားမှု သပိတ်တိုက်ပွဲများ ဆက်လက်ရှိနေမည်ဟု ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း၏ ဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။
နွေဦးတော်လှန်ရေး တိုက်ပွဲအတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ရန်ကုန်လူထုကို စစ်ကောင်စီတပ်က ဖိနှိပ်တင်းကျပ်ထားကြောင်း ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း၏ ဥက္ကဋ္ဌ က ပြောသည်။
“ အကြမ်းဖက်စစ်ကောင်စီ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ရန်ကုန်ပြည်သူလူထုကို သွေးပျက်စွာ ကြောက်ရွံ့တုန်လှုပ်နေတာဟာ အခုမှ မဟုတ်ပါဘူး။ သမိုင်း အဆက်ဆက်ရှိပါပြီ။ အခုနွေဦးတော်လှန်ရေးမှာ လည်း အလားတူပါပဲ။ ပြည်သူတွေရဲ့ခေါင်းတည့်တည့်ကို သေနတ်နဲ့ပစ်တယ်၊ အိမ်ခြံတွေကို ကျူးကျော်ဝင် ရောက်တယ်၊ ဓါးပြတိုက်တယ်၊ ကားနဲ့တိုက်သတ်တယ်၊ သားသမီးလိုချင်လို့ မိဘကို ဖမ်းတယ်၊ မိဘကို လိုချင်လို့ သားသမီးကိုဖမ်းတယ်၊ တနိုင်လုံးမှာ ခွပ်ခွပ်လန်အောင်ရံှုးသမျှ ရန်ကုန် လိုမြို့ပြတွေကို ဖိနှိပ်တင်းကျပ်တယ်၊ ကြောက်ရမ်းရမ်းတယ်ပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတဝှမ်းအတွင်း ပြည်သူနှင့်အတူရှိနေသည့် တော်လှန်ရေးအင်အားစုများအားလုံးကို စစ်ကောင်စီတပ်မှ လုံးဝဖိနှိပ်ထားလို့ မရကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၏ ဥက္ကဌကလည်း ပြောသည်။
“ ရန်ကုန် အခက်အခဲအကျပ်အတည်းမျိုးစုံ ရှိနေပေမယ့်လည်း အာဏာရှင်ကို တော်လှန်ဖို့ ဒီအာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုတွေကို မီးမောင်းထိုးပြဖို့အတွက် သပိတ်ပွဲတွေ ကြိုကြားကြိုကြားရှိသလိုပဲ ဒီစစ်အာဏာရှင် ကမ်းပိန်းတွေ ပြီးလို့ရှိရင် ဘန်နာချိတ်ဆွဲတာတွေ ၊ ပြည်သူလူထုကို လှုံ့ဆော်တာတွေ လှုပ်ရှားမှုတွေက ဒီကနေ့ အချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ သူတို့က UG တွေကိုဖမ်းတယ်၊ တော်လှန်ရေးအင်အားစုတွေကို ဖမ်းတယ် မျိုးစုံလုပ်နေတယ် ဒါပေမယ့် ပြည်သူနဲ့အတူရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအားလုံးကို ဒီကောင်တွေ လုံးဝဖိနှိပ်ထားလို့မရပါဘူး။” ဟု ၎င်းက ဆိုသည်။
၎င်းက ဆက်ပြီး “ကျွန်တော်တို့ ပြည်သူလူထုရဲ့စိတ်အခံ၊ တော်လှန်ရေးစိတ်အခံ တယောက်မိရင် တစ်ယောက်ထွက်မယ်ဆိုတဲ့ စိတ်အခံရှိပါတယ်။ ဒါကြောင့်မြို့ပြအနေနဲ့လည်း တော်လှန်ရေးလုပ်ငန်းစဉ်တွေ၊ တော်လှန်ရေးလှုပ်ရှားမှုတွေ မျိုးစုံရှိ နေအုံးမှာပါပဲ။ နောက်ဆုံးပြောချင်တာက စစ်တပ်အနေနဲ့ ရန်ကုန်လိုမျိုး မြို့ပြကြီးကို လုံးဝထိန်းလို့ရမှာ မဟုတ်ပါဘူး” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၏ ဥက္ကဌက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ဖိနှိပ်သတ်ဖြတ်ဖမ်းဆီးမှုများကြောင့် ရန်ကုန်မြို့အား အညာဒေသ၊ တိုင်းရင်းသားတပ်ဖွဲ့များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ထိန်းချုပ်နယ်မြေများလောက် အားရပါးရ လှုပ်ရှား၍ မရသေးသော်လည်း ရန်ကုန်ပုံစံ ၊ မြို့ပြပုံစံဖြင့် လွတ်မြောက်အောင်မြင်သည်အထိ အကြမ်းမဖက် စစ်အာဏာရှင် တွန်းလှန်ရေးလှုပ်ရှားမှု နှင့် ရန်ကုန်သပိတ်တိုက်ပွဲများကို ဆက်လက်ပြုလုပ်နေမည်ဖြစ်ကြောင်း ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း၏ ဥက္ကဋ္ဌ ကပြောသည်။