မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်းမှ မီးဘေးသင့် အိမ်ထောင်စု ငါးစုအား ကျားသစ်နက် တပ်မတော် ( BLPA) နှင့် We Love Myaing တို့ ပူးပေါင်းပြီး ငွေကြေး ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခင်ကလည်း ကျားသစ်နက် တပ်မတော်အနေဖြင့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများအား နေအိမ်များ ပြန်လည် တည်ဆောက်ရေးအတွက် “ မေတ္တာအိမ်လေးများ စီမံကိန်း အပါအ၀င် စစ်ရှောင်များအတွက် စားနပ်ရိတ္ခာ အစီအစဉ်များလည်း နီးစပ်ရာ local အဖွဲ့၊ ပရဟိတ အဖွဲ့များနှင့် ပူးပေါင်း၍ ကူညီခဲ့ဖူးသည်။
“ ကိုယ်ထူမှ ကိုယ်ရမယ်ဆိုတဲ့ ဆိုရိုးရှိပေမဲ့ မထနိုင်တဲ့ ပြည်သူကို ပြန်လည်ဖေးမ ထူရမယ် ဆိုတဲ့ ခံယူချက်နဲ့ပါ။ ကျွန်တော်တို့ဟာ ပြည်သူက မွေး၊ ပြည်သူက ကျွေးမွေး ထောက်ခံလာလို့သာ တူမီးဘ၀ကနေ ယခုလို အခြေအနေထိ ရောက်လာတာ ပြည်သူ့ ကျေးဇူးတွေကြောင့်ပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နှလုံးသား ဖြစ်တဲ့ ပြည်သူကို ဖေးမရခြင်း ဖြစ်ပါတယ်” ကျားသစ်နက်တပ်မတော်၏ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာ၀န်ခံ ရဲဘော်ပေကြီးက ပြောပြသည်။
လက်ရှိ မြိုင်မြို့နယ်တွင် စစ်ရေးတင်းမာနေသည့်အပြင် စစ်ကောင်စီ၏ စစ်ကြောင်းများမှာလည်း ပြည်သူ့ နေအိမ်များအား အချိန်မရွေး မီးရှို့ ဖျက်ဆီးမှုများ ရှိသည်ဟုလည်း စုံစမ်းသိရှိရသည်။
” မြိုင်နယ်တောင်ပိုင်းမှာ ကျေးရွာတော်တော်များများမှာ မီးရှို့ခံထားရတယ်။ ဒါပေမဲ့ ပျူရွာ၊ ရဲကင်းတွေနဲ့ နီးစက်တဲ့အတွက် သွားလာရေးခက်ခဲပြီး အိမ်ခြေအရေအတွက် ဘယ်လောက်ထိ ရှိတယ်လို့ ခန့်မှန်းရ ခက်ပါတယ်” ဟု ရဲဘော်ပေကြီးက ဆက်ပြောပြသည်။
လက်ရှိတွင် မြိုင်မြို့နယ် တောင်ပိုင်း၌ မီးရှို့ခံရသော ကျေးရွာနေ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေသည်။
“ စစ်ဆေးရေးဂိတ်တွေက တင်းမာမှုတွေရှိတော့ ပြည်သူတွေအနေနဲ့ ပြန်လည်တည်ဆောက်ရေးအတွက် ကုန်ပစ္စည်းများ တင်ပို့ရာမှာ ခက်ခဲလာတယ်။ နောက်တစ်ခုက ဆေးဝါးပေါ့” ဟု မြိုင်မြို့နယ် တောင်ပိုင်းမှ ပြည်သူများ၏ အခက်အခဲများကို ကိုပေကြီးက ရှင်းပြသည်။
ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့ များ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ၏ အသံကို အလေးထား၍ အလျဉ်းသင့်သလို ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ စစ်ကြောင်းလာလျှင် ကြိုတင် သတိပေးမှုများအား လိုက်နာ ပေးစေလိုကြောင်းလည်း ကျားသစ်နက် တပ်မတော်၏ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးက အသိပေးထားသည်။