မုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေသေးကာ ခြင်များ ပေါက်ဖွားမှု များလာသည့်အတွက် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း ရခိုင်ဒေသခံများမှ ပြောသည်။
“ဒီဘက်မှာက ဆေးတွေတော့ ဝယ်လို့ရတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေကတော့ မရှိသလောက်ဘဲ။ သွေးလွန်တုပ်ကွေးကတော့ မဖြစ်တော့ မဖြစ်သေးဘူး။ ခြင်တွေတော့ တအားကိုက်တယ်။ အဲ့ဒါကြောင့် သွေးလွန်တုပ်ကွေး ဖြစ်မှာတော့ စိုးရိမ်တယ်”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးမှ ပြောသည်။
ထို့အပြင် လက်ရှိချိန်တွင် ခြင်များ ပေါက်ဖွားမှုနှုန်း များသည့်အတွက် ခြင်ဆေးများ ဖြန်းပေးစေချင်ကြောင်းလည်း ဒေသခံများက တောင်းဆိုထားသည်။
မုန်တိုင်းတိုက်ခတ်ပြီး တစ်လကျော်ကြာသည်အထိ ရခိုင်ဒေသခံများအနေဖြင့် သန့်ရှင်းသော သောက်သုံးရေ မရရှိမှုနှင့် အမိုးအကာများ လုံလောက်စွာ မရှိမှုများကြောင့် ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းချိန်တွင် အအေးမိခြင်းနှင့် ဖျားနာခြင်းတို့ကို ကြုံတွေ့ခံစားနေရကြောင်း သိရသည်။
“ဒီရက်ပိုင်းက မိုးသည်းတယ်။ အမိုးတွေကလည်း မလုံတော့ အိမ်ထဲနေရင်း မိုမိပြီး ဖျားတာတွေဖြစ်တာပေါ့။ ဆေးခန်းကလည်း ဒီမှာက မရှိဘူးလေ။ တစ်ပတ် တခါ ဆေးကုပေးတဲ့ ဆရာမလေးတွေတော့ လာပေမယ့်လည်း ဆေးတွေကတော့ စုံစုံလင်လင်လင်လည်း မပါတော့ ကုသမှုက ထိရောက်လား မရောက်လားလည်း မပြောတတ်တော့ပါဘူး”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
မုန်တိုင်းကာလအလွန်တွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းရောဂါမဖြစ်စေရန်နှင့် အထွေထွေကျန်းမာရေးစောင့်ရှောက်မှုအတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် ကျန်းမာရေးဝန်ထမ်း ၂၀ ဦးနှင့် လုပ်ဆောင်နေကြောင်း စစ်ကောင်စီမှ ယခုလအတွင်း ကြေညာထားသော်လည်း မြေပြင်တွင် မရသေးကြောင်းလည်း သိရသည်။
“ခြင်ဆေးက ဝယ်ဖြန်းလို့တော့ ရမယ်ထင်တယ်။ အတိအကျတော့ မသိဘူး။ ဖြန်းလို့ရလည်း ဒီဘက်မှာတော့ ဖြန်းကြမှာ မဟုတ်ပါဘူး။ တကူးတက လုပ်ရမယ့် ဟာတွေဆိုရင် လုပ်မယ်ဆိုရင် မလုပ်ချင်ကြဘူးလေ။ ခြင်ကိုက်လို့ ဘယ်လိုကာကွယ်မလဲဆိုရင်တော့ ခြင်ဆေးခွေရှိတယ်။ ခြင်ထောင်ရှိတယ်လေ။ ဘာလိုအပ်သေးလို့လဲ။ အစိုးရဘာသာ လာလုပ်ရင်တော့ လုပ်ပေါ့”ဟု စစ်တွေမှ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းနှင့် ဆေးပေးခန်းပေါင်း ၇၅၂ ခု ပျက်စီးခဲ့ကာ ထိုထဲမှ ၇၅၀ အား ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဇွန်လ ၁၅ ရက်နေ့က လူမှုကွန်ရက်တွင် အသိပေးထားသည်။