စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကုန်စိမ်းစျေးများ အဆမတန် မြင့်တက်နေပြီး ခရမ်းချဥ်သီး တစ်ပိဿာလျှင် တစ်သောင်းကျော်အထိ စျေးရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
တမူးမြို့တောင်ပိုင်း ၈ မိုင်ခန့် အကွာရှိ ပန်းသာပျူစောထီးရွာ၌ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ဇွန်လ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး တမူး-ခမ်းပတ် ကားလမ်းမကြီးအား ပိတ်ထားသဖြင့် ယခုကဲ့သို့ ကုန်စိမ်းများ အဆမတန်စျေးတက်နေခြင်းဖြစ်သည်ဟု သိရသည်။
“ဟိုတစ်နေ့တုန်းက ခရမ်းချဥ်သီးက တစ်ပိဿာ တစ်သောင်းနှစ်ထောင်တဲ့၊ ဒီနေ့စျေးနည်းနည်းကျတယ်။ တစ်သောင်းတဲ့။ အရင်က ကြိုက်တဲ့ အလုံး ရွေးယူမှ ၂ ထောင် ၃ ထောင်ကို။ အာလူးသီး တစ်ပိဿာ ၄ ထောင်။ ကြက်သွန်တစ်ပိဿာ ၃ ထောင်။ ဒီဘက်မှာ စျေးတွေ အရမ်းတက်ကုန်တာ။ ဒီဘက်မှာ မရှိတာတွေ စျေးတက်တာ။ ခရမ်းချဥ်သီး၊ ခရမ်းသီးတွေက ဒီဘက်မှာမရှိတော့လေ”ဟု တမူးမြို့ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ခမ်းပတ်-တမူး လမ်းပိတ်ထားမှုကြောင့် ကုန်စိမ်းကားများမှာ တမူးမြို့သို့ မသွားနိုင်ဘဲ ပိတ်မိနေသည်များလည်း ရှိသည်ဟု သိရသည်။
“ကျနော်တို့ အိမ်ရှေ့တောင် ကြက်ဥပုပ်နံ့တွေ လှိုင်လို့။ ပုပ်တာ မရောင်းကြရတာလေ။ ကားတွေအကုန် ခမ်းပတ်နဲ့ ဘုက္ကန်မှာပဲ ပိတ်နေတော့တာ။ ဒါကြောင့် ဒီဘက်မှာပဲ ချရောင်းနေကြရတာ အကုန်”ဟု ခမ်းပတ်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ပန်းသာပျူစောထီးရွာ၌ ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီအကြား စစ်ရေးတင်းမာဆဲဖြစ်ပြီး ခမ်းပတ်-တမူး လမ်းပိုင်းအား နောက်ထပ် ရက်သတ္တတစ်ပတ်မှ ဆယ်ရက်ခန့်အထိ ပိတ်ထားဦးမည်ဖြစ်သည်ဟု ဒေသခံခံများထံမှ စုံစမ်းသိရှိရသည်။