စတီရီယိုခေတ်ဦးကာလတွင် လူကြိုက်များသည့် နိုင်ငံကျော် အဆိုတော်ဖြစ်သူ စိမ်းမို့မို့သည် ယနေ့ ဇွန်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ကွယ်လွန်သွားကြောင်း အနုပညာရှင် အသိုင်းအဝိုင်းမှ သိရသည်။
“စိမ်းမို့မို့ကလေ ပြီးခဲ့တဲ့ တစ်နှစ်လောက်တည်းက ကင်ဆာကုနေရတာပေါ့။ ဘာကင်ဆာလည်းတော့ မသိဘူး။ သူဆေးကု ဆေးသောက်တွေလုပ်နေရတာတော့ တစ်နှစ်လောက်ရှိပြီဆို သိရတယ်။ အခု ဆုံးတာကလည်း ကင်ဆာနဲ့ပဲ ဆုံးတာပါ”ဟု အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုတော်စိမ်းမို့မို့ ကွယ်လွန်ခြင်းနှင့် ပတ်သက်၍လည်း အဆိုတော် တင်ဇာမော်၊ ချောစုခင်၊ ယုဇန စသည့် နိုင်ငံကျော် အဆိုတော်များအပါအဝင် အနုပညာအသိုင်းအဝိုင်းမှလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်စာမျက်နှာထက်တွင် ရေးသားမျှဝေခဲ့ကြသည်။
စတော်ဘယ်ရီချစ်သည်းရှင်၊ မျက်ဝန်းထဲမှာ၊ တောင်ပြာတန်းက မောင်မောင်စစ်သည်၊ အပြုံးကိုအပြီးငှားခဲ့ စသည့် သီချင်းများသည် အဆိုတော် စိမ်းမို့မို့ သီဆိုထားသည့် လူကြိုက်များ ထင်ရှားခဲ့သော သီချင်းများ ဖြစ်သည်။