စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မီးရှို့ခံရသောကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများအား အနုပညာရှင်ဒေါင်းနှင့် တော်လှန်ပြည်သူများက ထမင်းတစ်နပ်စာ လှူဒါန်းခဲ့ကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။
စစ်ဘေးရှောင်ပြည်သူ ၄၅၀ ဦးအတွက် အသားဟင်းတစ်မျိုးနှင့် ထမင်းတစ်နပ်အား အနုပညာရှင်ဒေါင်းနှင့် တော်လှန်ပြည်သူများ၏ အကူအညီဖြင့် ယနေ့တွင် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
” ယခုလိုမျိုး ဆက်သွယ်လှူဒါန်းပေးပါသော အနုပညာရှင်ဒေါင်းအား အထူးကျေးဇူးတင်ပါတယ်ဗျာ။ ပြည်သူ့အချစ်တော်က ပြည်သူကို ကူညီတယ်ဆိုတော့ ဝမ်းသာစရာပါပဲဗျ။ ပြည်သူနဲ့ အတူရှိတယ်ဆိုတာ ပြလိုက်တဲ့သဘောပါဗျ “ ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
ဆားလင်းကြီးမြို့နယ်တွင် ယာယီစစ်ရှောင်စခန်း (၄) နေရာရှိပြီး စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံနေရသည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့်မွေးနေ့တွင်လည်း မွေးနေ့အထိမ်းအမှတ်အဖြစ် အညာပစ်တိုင်းထောင်လေးများ အဖွဲ့အနေဖြင့် ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ၁၅၀၀ အား ထမင်းတစ်နပ် လှူဒါန်းပေးခဲ့ကြောင်းလည်း ပြောပြသည်။
“ ဆားလင်းကြီးမြို့နယ်မှာ လက်ရှိအချိန်အထိ စစ်ဘေးရှောင် ၃,၀၀၀ ကျော် စားဝတ်နေရေးအခက်ခဲဖြစ်နေပါတယ်။ ကျတော်တို့ အဖွဲ့အနေနဲ့ ပြည်သူတွေကို တတ်နိုင်သလောက် ကူညီအားဖြည့်ပေးခဲ့ပါတယ် “ ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ဆက်ပြောသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေဖြင့် ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း (၁) အား လူဦးရေ ၃၅၀ အတွက် ထမင်း ၉ နပ်၊ စစ်ရှောင်စခန်း (၂) အား လူဦးရေ ၂၀၀ အတွက် ထမင်း ၄ နပ်၊ စစ်ရှောင်စခန်း (၃)အား လူဦးရေ ၅၅၀ အတွက်ထမင်း ၁ နပ်၊ စစ်ရှောင်စခန်း (၄)အား လူဦးရေ ၄၅၀ အတွက် ထမင်း ၁ နပ် အသီးသီးကျွေးမွေးလှူဒါန်းပေးခဲ့ပြီးကြောင်းလည်း စုံစမ်းသိရှိရသည်။