ရန်ကုန်မြို့သည် စစ်ကောင်စီတပ် စိုးမိုးနယ်မြေဖြစ်သော်လည်း အုပ်စုလိုက် အခြေချတပ်စွဲရုံသာ တတ်နိုင်ပြီး နေ့ရောညပါ ထိတ်လန့်နေရကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
တော်လှန်ရေးကာလ နှစ်နှစ်ကျော်ကြာလာပြီးသည့်နောက် ရန်ကုန်မြို့တွင် စစ်ရေးအရှိန်မြင့်တက်လာပြီး စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့နေ ပြည်သူများကိုသာ လက်နက်ကိုင်အနိုင်ကျင့်နိုင်ကာ ၎င်းတို့၏ လုံခြုံရေးပေါ် အလွန်အမင်းစိုးရိမ်နေရကြောင်း မြေပြင်တိုက်ခိုက်ရေးအင်အားစုတစ်ခု၏တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အကြမ်းဖက် စစ်တပ်က အုပ်စုလိုက်သွားလာတာ၊ဖမ်းဆီးတာမဟုတ်ရင် မသွားလာရဲဘူး။အတော်ကိုလုံခြုံရေးအရ သူတို့ဂရုစိုက်နေရတယ်လို့မြင်တယ်။ဒါကမြို့ပြပြောက်ကျားတွေရဲ့ စစ်ရေးလုပ်ဆောင်မှုတွေကိုကြည့်ရင်သိသာမယ်။သူတို့ဖမ်းဆီးနေတဲ့ကြားက စစ်ကောင်စီအခြေချတပ်ရင်းတွေ ၊ တပ်စွဲတဲ့နေရာတွေ ၊ ရဲစခန်းတွေ ၊စစ်ကောင်စီထောက်တိုင်တွေ နည်းအမျိုးမျိုးနဲ့တိုက်ခိုက်ခံနေရတယ် ၊ ရှင်းလင်းခံနေရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့တတွေရန်ကုန်မှာအုပ်စုလိုက် အခြေချတပ်စွဲတာကလွဲလို့အသက်ရှူလေး နည်းနည်းချောင်တယ်ဆိုရုံလေးပဲ ရှိတယ်ဆိုတာမြင်သာတာပဲ။ဘာလို့ဆို သူတို့ရှိ့နေတဲ့နေရာဟာ မြို့ပြပြောက်ကျားတွေအတွက် စစ်ရေးပစ်မှတ်ပဲမို့ နေ့နေ့ညညလစ်ရင်အဆော်ခံရမှာပဲ” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့ ၁၄ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် Yangon UG Association(YUA)ကလည်း ထိခိုက်ကျဆုံးခြင်း နှင့် ဖမ်းဆီးခြင်း ခံရသည့် ရဲဘော်များစွာရှိသော်လည်း အခက်အခဲများစွာကြားက စစ်ကောင်စီအား ယခုထိတိုက်ခိုက်နေကြောင်း MPAသို့ပြောသည်။
“ တော်လှန်ရေးအစမှာ ကျွန်တော်တို့ကတော်လှန်ရေး field ထဲကလူတွေမဟုတ်ဘူး ။other field ကနေမခံနိုင်လို့ လက်နက်စွဲကိုင်ရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့မှာလိုအပ်ချက်တွေအများကြီးရှိတယ်။ဒါပေမယ့်တစ်စတစ်စနဲ့တော့ အချိန်ကြာလာတာနဲ့အမျှပေါ့နော်။ ကျွန်တော်တို့ဘက်က ပိုပြီးတော့ထိအောင် ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်။ဒီအပေါ်မှာလည်းပြန်လည်ပေးဆပ်မှုတွေရှိတာပေါ့။စစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေပဲ ပြောရမှာပေါ့နော်။ဒီဒဏ်တွေကိုတော့ ကျွန်တော်တို့ရဲဘော်ညီအစ်ကိုတွေအားလုံးမျှခံကြရတာပါ” ဟု YUA၏ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ပြောသည်။
၂နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်း၌ မြို့ပြစစ်ဆင်ရေးအဖြစ် စစ်ရေးပစ်မှတ် (၁,၀၀၀) ကျော်၊ အုပ်ချုပ်ရေးပစ်မှတ် (၈၀၀) ကျော်နှင့် စီးပွားရေးပစ်မှတ် (၂၀၀) ကျော်စုစုပေါင်း၂၀၀၀ကျော်ကိုတိုက်ခိုက်ခဲ့ ကြောင်း ၎င်းပစ်မှတ်များကို အထူးစစ်ဆင်ရေးလှုပ်ရှားမှု အကြိမ်ရေ (၅၀) ခန့်၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ (၅၀၀) ကျော်နှင့် ဖောက်ခွဲတိုက်ခိုက်မှုပေါင်း (၁,၅၀၀) ကျော်ဖြင့် တိုက်ပွဲဝင်ခဲ့ရာ စစ်ကောင်စီတပ်က ဗိုလ်မှူးကြီးအဆင့်များ အပါအဝင် ၆၀၀ဦးကျော်သေဆုံးခဲ့ကာ ၉၀၀ကျော် ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်၊တပ်ရင်း၅၁၀၁က ထုတ်ပြန်ထားသည်။