မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအတွက် သီးပင်စားပင်များစိုက်ပျိုးရောင်းချကာ ဖြေရှင်းနေကြရသည်ဟု ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
ဂန့်ဂေါမြောက်ပိုင်းတွင် စစ်ရှောင်စခန်း၂ ခုရှိပြီး စုစုပေါင်းစစ်ရှောင်ဦးရေ ၁၅ ၀ခန့်ရှိသည်ဟု စုံစမ်းသိရှိရသည်။
“ကန့် ၂ ကန့်လုံးက မြောက်ခင်ရန်းက စစ်ရှောင်တွေပါ။ အရင်ကတော့ များတယ်။ တချို့လည်း အမျိုးတွေဆီ နေကြတယ်။ တခြားနယ်တွေသွားကြတယ်။ စခန်းမှာကတော့ အဲ့ဒီလိုမထွက်နိုင်၊ မသွားနိုင်တဲ့လူတွေ ကျန်ခဲ့တော့တာ။ အခုတော့ စားဝတ်နေရေးအတွက် သီးပင်စားပင်တွေ စုပေါင်းစိုက်ပြီး ရွာတွေမှာ သွားရောင်းကြတယ်။ ပဲလွန်း၊ ရုံးပတီနဲ့ ချဥ်ပေါင်၊ မုန်ညင်း အဲ့ဒီလိုအပင်တွေပေါ့။ တချို့ကလည်း နှမ်းပေါင်းထိုးတို့၊ ကောက်စိုက်အငှားလိုက်တာတို့ရှိတယ်။ အမြဲတမ်းကူညီတဲ့ အဖွဲ့ရယ်လို့တော့မရှိဘူး။ တစ်ခါတလေလည်း ကူတဲ့လူတွေရှိပါတယ်”ဟု စစ်ရှောင်များအား အခါအားလျော်စွာ ကူညီပေးနေသူတစ်ဦးက MPA သို့ ပြောသည်။
မြောက်ခင်ရန်းရွာသည် ဂန့်ဂေါမြောက်ပိုင်းတွင် ပျူစောထီးအင်အားကြီးသည့်ရွာဖြစ်ပြီး အဆိုပါစစ်ရှောင်များသည် ပျူစောထီးများ၏ မတရားခိုင်းစေမှုများ (ကင်းစောင့်ခိုင်းခြင်း၊ ပျူစောထီးအဖွဲ့အတွင်း အတင်းဝင်စေခြင်း) စသည်တို့ကို မခံရပ်နိုင်သည့်အတွက် ထွက်ပြေးလာသူများဖြစ်သည်ဟု သိရသည်။
“အစကတော့ ပျူရွာကဆိုပြီး ခွဲခြားဆက်ဆံတာမျိုးရှိတယ်။ အခုတော့ မရှိတော့ပါဘူး။ နိုင်ငံရေးရေချိန်ရော တော်လှန်ရေး ရေချိန်ရော မြင့်နေကြပါပြီ။ ပျူအင်အားကြီးသလို တော်လှန်ရေးလုပ်သူတွေလည်း မြောက်ခင်ရန်းက ရှိတယ်လေ”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါစစ်ရှောင်များအတွက် ရုပ်ပိုင်းဆိုင်ရာ အကူအညီများမရရှိလျှင်ပင် စိတ်ပိုင်းဆိုင်ရာ အကူအညီများပေးရန် လိုအပ်သည်ဟုထင်ကြောင်း ၎င်းက ဆိုသည်။
ယခုအခါ မိုးရာသီသို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် နာမကျန်းမှုများ ဖြစ်လာကြပြီး ဆေးဝါးထောက်ပံ့မှု၊ မိုးကာ၊ ခြင်ထောင်နှင့် စောင်များ လိုအပ်လျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။