မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ လမ်းနှင်း မလွတ်သော နေအိမ်များကို ဇွန်လ ၂၀ ရက်မှ စတင်ကာ ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ စစ်ကောင်စီနှင့် စည်ပင်အဖွဲ့မှ ပေါင်းကာ ဖိအားပေး ဖယ်ရှားခိုင်းနေကြောင်း၊ လက်ရှိအချိန်ထိ ဖယ်ရှားခဲ့ရသည့် အိမ်ခြေ ၅၀၀ ခန့် ရှိလာပြီ ဖြစ်ကြောင်း စုံစမ်းသိရပါသည်။
“ ဒီမနက် ၁၀ နာရီလောက်မှာက ဋ ရပ်ကွက်က ပြည်သူပိုင် နေအိမ်တွေကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီး တယ်။ အကုန်ကိုဖျက်တာ တော်တော်ကောင်းတဲ့ အိမ်ကြီးအိမ်ကောင်းတွေကော ဖျက်တာ။ အိမ်ကျူးကျော်တွေ မဟုတ်ဘူး။ အိမ်ရှင်တွေဆို ဂရမ်တွေ စလစ်တွေအကုန်ရှိတာ အဲ့တာတွေလည်း ဖျက်တယ်။ မင်းတို့မှာ ဘာစာချုပ်စာတန်းရှိရှိ ကြိုက်တဲ့နေရာသွားတိုင် ဂရုမစိုက်ဘူးလို့ ပြောပြီးကို ဖျက်တာ” ဟု ဋရပ်ကွပ် ရှိ ဖျက်ဆီးခံခဲ့ရသည့် အိမ်ရှင်တစ်ဦးက MPA သို့ပြောပါသည်။
၄၉ လမ်းနှင့် လမ်း၅၀ ကြား ၁၂၂ လမ်းတောင်ဖက်ရှိ ကံကြီးကုန်းကျေးရွာမှ နေအိမ် ၅၀ နီးပါးခန့်ကို ဇွန်လ ၂၀ ရက်နေ့က စတင်ပြီး စည်ပင်နှင့် စစ်တပ် ပူးပေါင်းအင်အား ၁၀၀ ခန့်နှင့် လာရောက် ဖယ်ရှားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အိမ်ခြေ ၅၀၀ နီးပါးခန့် ဖျက်ဆီးခံခဲ့ရပြီ ဖြစ်ပြီး တစုံတရာ အသိပေးအကြောင်းကြားထားခြင်း မရှိဘဲ ယခုလို လာရောက်ဖယ်ရှားတာ ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
“ အိမ်တွေက ကျူးကျော်မဟုတ်ပါဘူး စာရွက်စာတန်း အစုံ ရှိပါတယ်။ မြေ စလစ်ရှိပြီးသားပါ။ လမ်းနဲ့ပဲ သိပ်မလွတ်တာပါ။ ဟိုတလောကလည်း အိမ်တွေ လမ်းနဲ့မလွတ်လို့ဆိုပြီး အုပ်ချုပ်ရေးမှူးက လာပြောပြီး ဆုတ်ခိုင်းသေးတာ။ အခုကျ စည်ပင်ကလာပြီး ကျူးကျော်မြေဆိုပြီး လာရှင်းလင်းနေတာ” ဟု ဖယ်ရှားခံရသူ ပြည်ကြီးတံခွန် ရပ်ကွက်နေသူတစ်ဦးကလည်း MPA သို့ ပြောပါသည်။
စည်ပင်မှ ဖယ်ရှားခံရလျှင် မည်သည့်ပစ္စည်းမှ ပြန်လည်သယ်ဆောင်ရန် မလွယ်ကူသည့်အတွက် တချို့ဆိုလျှင် ၎င်းတို့ ကိုယ်တိုင် မိမိနေအိမ်များကို ဖြိုဖျက်ဖယ်ရှားနေကြကြောင်း သိရသည်။
“ ကျွန်မတို့ အိမ်တော့ အဖျက်မခံရဘူး နောက်တော့ဆုတ်ပေးရတယ်။ အိမ်ရှေ့မှာ ထုတ်ထားတဲ့ အဖီကတော့မလွတ်လို့ ဖျက်ပေးရတယ်။ အိမ်ရှေ့က မနက်ဆို မုန့်ဟင်းခါး ဆိုင်လည်းဖွင့်တာ အခုတော့ အဖီကဖျက်လိုက်ရတော့ ဈေးရောင်းဖို့က အခက်အခဲဖြစ်တယ် မနေ့ကတော့ ဆိုင်လည်းဖွင့်ဖြစ်တယ် နေပူရင်တော့ အိမ်ထဲရွေ့မယ်ဆိုပြီး လုပ်နေတုံး စည်ပင်တွေရောက်လာပြီး ပစ္စည်းတွေအကုန်သိမ်းသွားတာ” ဟု မုန့်ဟင်းခါး ဆိုင်ရှင်အမျိုးသမီးက ပြောပါသည်။
မန္တလေးမြို့တွင် စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးကော်မတီနှင့် ရဲများ ပူးပေါင်းကာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ကျူးကျော်အိမ်များဟု ဆိုကာ နေအိမ် အမြောက်အများကို ဖျက်းဆီးခဲ့ကြသေးသည်ဟု စုံစမ်းသိရသည်။