ကယား(ကရင်နီ)ပြည်နယ်ရှိ ဖားဆောင်း တံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား ၃ ဦးထက် မနည်းသေဆုံးကြောင်း KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီ ကျော်ခန့်က ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့ရှိ သံလွင်တံတား(ဖားဆောင်း)ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအား KNDF မဟာမိတ်တပ်ပေါင်းစုမှ သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မနေ့က နေ့လည်လောက် တံတားပေါ်က တပ်စခန်းကို သိမ်းနိုင်ပါတယ်။ မီးရှို့ဖျက်ဆီးလိုက်ပါတယ်ဆိုပြီး ညက သတင်းဝင်လာတယ်။ အခုအခြေအနေကိုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
သံလွင်တံတား (ဖားဆောင်း)ပေါ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်နှင့် KNDFမဟာမိတ်တပ်ပေါင်းစုတို့အကြား နှစ်ဘက်အထိအခိုက် အကျအဆုံးရှိကြောင်း သိရသော်လည်း အတိအကျအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ စစ်သားက ၃ ဦးထက်မနည်း သေတယ်။ ခမရ ၁၃၄ တပ်ရင်းနဲ့ ၁၃၅ တပ်ရင်းက ကောင်တွေ သံလွင်မြစ်ထဲ ရေငုပ်သွားပြီ။ သေဆုံးစာရင်းအတိအကျကိုတော့ လိုင်းက အဲ့ဘက်မှာ ပျက်နေလို့ သူတို့ဆက်သွယ်လာမှ သိရမှာပါ” ဟု ၎င်းက ပြောသည်။
ယမန်နေ့က ဖားဆောင်းမြို့နေ ပြည်သူများအား စစ်ကောင်စီတပ်မှ နေ့လည် ၃ နာရီ နောက်ဆုံးထားပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးထားပြီး စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူများ သုံးစွဲခဲ့သည်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။