တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဖရူဆိုမြို့နယ်အနောက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ၃ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့(ဇွန်၂၂ရက်)နံနက် ၁၂နာရီ ၃၅မိနစ်ခန့်က ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ၃ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ မနေ့ညက ဗုံးကြဲတာပေါ့။ဖားဆောင်းမှာ တိုက်ပွဲဖြစ်နေတုန်း ဘာတိုက်ပွဲမှ မရှိတဲ့ ဖရူဆို အနောက်ခြမ်းကို ဝင်ကြဲသွားတာ။ဗုံးက သုံးကြိမ်မှာ လေးလုံးလောက်ကြဲသွားတယ်” ဟု ၎င်းက ပြောသည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ရှိ၊မရှိ အတိအကျမသိရသေးဘဲ နေအိမ်အချို့ ပျက်စီးသွားကြောင်း KA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ လူသေ၊မသေတော့ တိတိကျကျမသိရသေးဘူး။နေအိမ်သုံးလုံးထက်မနည်း ပျက်စီးသွားတယ်။သတင်းထုတ်ပြန်မှပဲ အတိအကျသိရမှာမို့ပါ” ဟု ၎င်းကပြောသည်။
ယနေ့ နံနက် ၁၀နာရီ ၄၅မိနစ်ခန့်က ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို လွိုင်ကော်မြို့ ၅၄တပ်ရင်းက လက်နက်ကြီးဖြင့် ထုကာ ဂျက်လေယာဉ်များ ပျံသန်းနေကြောင်း MPAက စုံစမ်းသိရသည်။