ကယား(ကရင်နီ)ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများကို ထိုင်းနိုင်ငံဘက်ခြမ်းမှ တင်းကြပ်စွာ စိစစ်လက်ခံနေသဖြင့် ဒေသခံထောင်ချီ နယ်စပ်တွင် ပိတ်မိနေကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ ဇွန်လ ၂၀ရက်နေ့ နံနက်ပိုင်းကစတင်ပြီး ကယား(ကရင်နီ)မယ်စဲ့မြို့နယ်ရှိ ပန်တိန်းကျေးရွာအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲနေသဖြင့် ဒေသခံတစ်ထောင်ကျော်နီးပါး စစ်ဘေးရှောင်နေပြီး မယ်စဲ့-ထိုင်း နယ်စပ်တွင် ပိတ်မိနေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ အဝင်မခံတာတော့ မဟုတ်ပါဘူး။ အဲ့နယ်စပ်မှာ စစ်ဘေးရှောင်စခန်းရှိတယ်။ အဲ့မှာနေနေကြတာပေါ့။ ထိုင်းဘက်က ဆောင်အိမ်မြို့နဲ့ မယ်ဟောင်ဆောင်မှာ စစ်ဘေးရှောင်တွေ ထားတယ်။ PDFတွေပါလာမှာစိုးလို့ စစ်တဲ့သဘောပါ။ စစ်ရှောင်က နေ့စဉ်ရှိနေတာဆိုတော့ အသစ်ရောက်သူတွေက ညနက်သွားရင် တောထဲနေနေရတာမျိုးပေါ့” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မယ်စဲ့မြို့နယ် အနီးရှိ စစ်ကောင်စီတပ်စခန်း ၃ ခု နှင့် မယ်စဲ့မြို့နယ် မြို့မ ရဲစခန်းကို ကရင်နီတပ်မတော် KA ၊ KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ပြီး စစ်ရေးတင်းမာကာ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်အတွင်းသို့ ထွက်ပြေးခဲ့ရကြောင်း မယ်စဲ့မြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“ ဒီနေ့အထိကို ထပ်ဝင်လာတဲ့ စစ်ဘေးရှောင်တွေ ရှိတယ်။ မယ်စဲ့ဘက်က ရွာတွေအကုန်လုံးနီးပါး ရှောင်လာပြီ။ BP ၁၃နဲ့ ၁၄က ပြည်သူတွေလဲ လာကြတယ်။ စားနပ်ရိက္ခာရော၊ နေထိုင်ဖို့ရောက တိုက်ပွဲစဖြစ်ဖြစ်ချင်း ရှောင်လာရတာဆိုတော့ မလောက်ဘူး။ ထိုင်းဘက်နဲ့ အလှူရှင်တွေကပဲ ကူညီပေးနေတာပေါ့။ ဒီနေ့ဆို စစ်ဘေးရှောင်ဦးရေက ၅၀၀၀ နီးပါးကပ်နေပြီ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းသို့ ရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင် ဦးရေ ၃၈၇၇ ဦးရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရပြီး စစ်ဘေးရှောင်ပြည်သူများ ယာယီနေထိုင်ရန် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။