ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မိုးများ ရွာသွန်းကာ ရေများတက်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ရေကြီးတာတော့ မဟုတ်ဘူး။ မိုးကြီးတာ။ မိုးအများကြီးရွာတော့ ရေတွေက မဆင်းနိုင်ပဲနဲ့ ရေတွေများနေတာပေါ့။ မြောင်းတွေကတော့ အကျယ်ကြီးတွေပါပဲ။ အမှိုက်တွေနဲ့ ပိတ်နေတော့ ရေတွေ မဆင်းနိုင်ပဲ ဖြစ်နေတာ”ဟု စစ်တွေမြို့မှ ဒေသခံ တစ်ဦးက ပြောသည်။
မိုးရွာသွန်းပြီးနောက် လမ်းမများထက်တွင် ရေများရှိနေသည့်အတွက် စစ်တွေမြို့ရှိ ရပ်ကွက်များတွင် မိုးရေများ တင်ကျန်နေကာ လမ်းခရီး သွားလာရလည်း ခက်ခဲနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အပါအဝင် တနင်္သာရီအထက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၏ ဒေသတစ်ချို့တွင် ၃ ရက်အတွင်း မိုးရေချိန် ၂ လက်မမှ ၆ လက်မခန့်အထိ ရွာနိုင်ကာ မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားထားသည်။
“ဟိုရက်ကတော့ မိုးက သိပ်မရွာဘူး။ ဒီနေ့မှ စပြီး သည်းသည်းမဲမဲရွာတာ။ မနက်ကရွာတာဆို ရေတွေအများကြီးတက်တယ်။ လမ်းတွေလည်းမြှုပ်ပြီးတော့ တုတ်တုတ်ချေတွေ (အိန္ဒိယသုံးဘီး)၊ ဆိုင်ကယ်တွေနဲ့ တချို့ကားတွေဆို သွားလို့ မရဘူး။ ဆိုင်ခန်းတွေလည်း ရေတွေဝင်တယ်။ မုန်တိုင်းတုန်းက အမှိုက်တွေ သစ်ကိုင်းတွေကြောင့် မြောင်းတွေက ပိတ်နေတာလေ။ အဲ့ဒါတွေ မရှင်းရသေးတော့ ရေတွေကြီးနေတာဖြစ်မယ်”ဟု စစ်တွေမှ နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် စည်ပင်သာယာမှ အမှိုက်များအား ကောင်းမွန်စွာ မသိမ်းဆည်းနိုင်ကြောင်း ဝေဖန်သံများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရခိုင်ပြည်နယ် စည်ပင်မှ အမှိုက်သိမ်းဆည်းရန်အတွက် ပုဂ္ဂလိကထံ အပ်နှံကာ စစ်တွေမြို့တွင် အမှိုက်များ သိမ်းဆည်းခဲ့သေးကြောင်း သိရသည်။
ယခုလက်ရှိတွင် မုန်တိုင်းကြောင့် ထွက်ရှိလာသည့် အမှိုက်များကြောင့် ရေမြောင်းများ ပိတ်ဆို့နေကာ မိုးရေများ မကျဆင်းနိုင်ခြင်းဖြစ်နေပြီး ယင်းအမှိုက်များအား အမြန်ဆုံး ရှင်းလင်းပေးရန် လိုအပ်နေကြောင်းလည်း ဒေသခံများမှ ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က စစ်တွေမြို့သို့ ဦးတည် တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တစ်ဝန်းတွင် သစ်ပင်များ ပြိုလဲခြင်း၊ နေအိမ်အဆောက်အအုံများ ပျက်စီးခြင်းနှင့် လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများ ဆုံးရှုံးရခြင်းတို့အပြင် လက်ရှိတွင်လည်း ပြန်လည်ထူထောင်ရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။