လှိုင်သာယာမြို့နယ်၊ ငါးမန်းတံတားအဆင်း၊ တပင်ရွှေထီးလမ်းမကြီးတွင် အမျိုးသားနှစ်ယောက်မှ ဖုန်းလုယူကာ ဆိုင်ကယ်နှင့် ထွက်ပြေးရာမှ ဆီဘောက်စာကားကို ဝင်တိုက်မိကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးသွားကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးဆီမှ ဖုန်းလုကာ အမျိုးသားနှစ်ဦးသည် ပါလာသည့် ဆိုင်ကယ်ဖြင့် ငါးမန်းတံတားအဆင်းဘေးရှိ လမ်းကြားမှ တံတားပေါ်သို့ မောင်းနှင်ထွက်ပြေးရာ တဖက်မှ လာသည့် ဆီဘောက်ဇာကားနဲ့ တိုက်မိကာ မောင်းလာသူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းထံမှ သိရှိရသည်။
“ ကားအောက်ထဲဝင်သွားတဲ့တယောက်က ထိခိုက်ဒဏ်ရာ ရတာများတယ်၊ တိုက်တာက ခါးလယ်က ဖြတ်တိုက်တာ မသေတာကံကောင်း။ မှားတာက ဖုန်းလုလာတဲ့ ဆိုင်ကယ်နဲ့ လူတွေက မှားတာ။ လုတဲ့လူက ရပ်ကွက်ထဲကလူပဲ၊ လွတ်သွားတဲ့တယောက်ဆီမှာတော့ လုခံရတဲ့ဖုန်းပါသွားတယ်” ဟု ၎င်းတို့ထံမှ သိရှိရသည်။
အဆိုပါ ကားတိုက်ခံရသော အမျိုးသားသည် အသက်အားဖြင့် ၂၂ ဝန်းကျင်ခန့်ရှိပြီး ထိခိုက်ဒဏ်ရာမှာ လက်ကောက်ဝတ်မှစ၍ လက်ချောင်းများအထိ ကျိုးကြေသွားကြောင်း အသင်းထံမှ သိရှိရသည်။
အဆိုပါထိခိုက်လူနာအား လူမှုကူညီရေးအသင်းကားဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။