ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများ ပေးပို့မှုကို စစ်ကောင်စီမှ တားဆီးပိတ်ဆို့နေခြင်းသည် သန်းနှင့်ချီသော ဒေသခံပြည်သူများအတွက် အန္တရာယ်ဖြစ်စေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW မှ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့က အသိပေးသည်။
“မြန်မာနိုင်ငံမှာ မုန်တိုင်းဘေးအကူအညီတွေကို ပိတ်ပင်ထားတဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်က ဆိုးရွားတဲ့ ရာသီဥတုရဲ့ သဘာဝဘေးအန္တရာယ်ကနေ လူလုပ်တဲ့ ကပ်ဘေးအဖြစ်ကို ပြောင်းလဲနေပါပြီ”ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW မှ အာရှသုတေသီဖြစ်သူ Shayna Bauchner က ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိနေသည့်အပြင် နာမကျန်းမှုများနှင့် သေဆုံးမှုများ ဖြစ်ပေါ်နေခြင်းသည် စစ်ကောင်စီမှ ထပ်မံပိတ်ပင်ကန့်သတ်လိုက်သည့် ကန့်သတ်ချက်များကြောင့် ဖြစ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စစ်အုပ်စုမှ တာဝန်ခံခိုင်းစေရန်နှင့် ပိတ်ပင်မှုများအား ရုပ်သိမ်းပေးရန်အတွက် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂတို့မှ စစ်ကောင်စီအား ဖိအားပေးသင့်ကြောင်းလည်း ဆိုသည်။
မုန်တိုင်းဒဏ်သင့်ပြည်သူများအား အကူအညီပေးနေသော လုပ်သားများအတွက် ခရီးသွားလာမှုနှင့် ဗီဇာများအား တရားဝင်ခွင့်ပြုပေးရန်၊ အကောက်အခွန်ဌာနနှင့် ကုန်လှောင်ရုံများမှ အရေးအပေါ်အထောက်အပံ့များ ထုတ်ပေးရန် သို့မဟုတ် အသက်ကယ်အကူအညီများအပေါ် မလိုအပ်သော ပိတ်ပင်ကန့်သတ်မှုများအား လျှော့ပေါ့ပေးရန် စသည့် အချက်များအား စစ်ကောင်စီမှ မလိုအပ်ဘဲ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း သိရသည်။
“မုန်တိုင်းဒဏ်ခံရတဲ့ အသက်ရှင်ကျန်နေသူတွေဆီကို အသည်းအသန် လိုအပ်နေတဲ့ အကူအညီတွေ ရောက်ရှိစေဖို့အတွက် နိုင်ငံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့ထားမှုတွေကို ရုပ်သိမ်းဖို့ စစ်ကောင်စီကို နိုင်ငံတကာက ဖိအားပေးသင့်တယ်”ဟု Shayna Bauchner က ပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ ဒေခံပြည်သူပေါင်း ၇.၉ သန်းသည် မုန်တိုင်းဒဏ်ကို ခံစားရနိုင်ကာ ၁.၆ သန်းသည် အရေးပေါ်အကူအညီများ လိုအပ်နေမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။
ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု တုံ့ပြန်မှုသည် လက်ရှိချိန်ထိ တစ်နှစ်စာအတွက်လိုအပ်နေသော အမေရိကန်ဒေါ်လာ ၈၈၇ သန်း၏ ၁၅ ရာခိုင်နှုန်းသာလျှင် ရရှိထားကာ အမေရိကန်ဒေါ် ၃၃၃ သန်းအား ဆိုင်ကလုန်မုန်တိုင်းသင့်သူများအား ကူညီရန်အတွက် လျာထားကြောင်း UN က ပြီးခဲ့သည့် မေလအတွင်းတွင် ကြေညာထားသည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW မှလည်း စစ်ကောင်စီ၏ အကျင့်ပျက်ခြစားမှု၊ သဘာဝဘေးအကူအညီရန်ပုံငွေနှင့် ပစ္စည်းများအား အလွဲသုံးစားလုပ်မှု စသည့် မှတ်တမ်းများ ရှိနေသည့်အတွက် နိုင်ငံတကာအလှူရှင်များအနေဖြင့် စစ်ကောင်စီမှတစ်ဆင့် ပေးပို့လှူဒါန်းခြင်းထက် အရပ်ဘက်အဖွဲ့အစည်းများမှ တစ်ဆင့် အကူအညီများ ပေးနိုင်ရန် နည်းလမ်းများ ရှာဖွေသင့်ကြောင်းလည်း ပြောကြားထားသည်။