ရှမ်းပြည်နယ်၊ မြောက်ပိုင်းရှိ လားရှိုးမြို့၊ ရပ်ကွက် (၂) ရှိ Golden Hill Hotel ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုမရှိကြောင်း လာရှိုးမြို့၊ မေတ္တာလမ်းနေသူတစ်ဦးက ပြောသည်။
ယနေ့ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက် (၂) ရှိ Golden Hill Hotel ရှေ့ ယာဉ်ရပ်နားရာနေရာသို့ အမည်မသိအမျိုးသား နှစ်ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်ကာ ဗုံးပစ်သွားခြင်းဖြစ်သည်ဟု လာရှိုးမြို့၊ မေတ္တာလမ်းနေသူတစ်ဦးက ပြောသည်။
“ ပုဂံလမ်းနဲ့ မေတ္တာလမ်းဆုံနားကနေ ဆိုင်ကယ်နဲ့လာပြီး ဗုံးနဲ့ပစ်သွားတာ။ ဗုံးက ဟိုတယ်ထဲရောက်ပြီးမှ လုံခြုံရေးက လက်နဲ့ လမ်းမပေါ်ပြန်ပစ်လိုက်တယ်လို့ ပြောတယ်။ အသံက အကျယ်ကြီးပဲ၊ ရပ်ကွက် ၁၁ က သူငယ်ချင်းတွေတောင် ကြားရတယ်။ သေတဲ့သူတော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည့် အမျိုးသားနှစ်ဦးနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ဖြစ်ကြောင်း တိတိကျကျမသိရှိရသေးဘဲ စစ်ကောင်စီတပ်က CCTV မှ တဆင့် ခြေရာခံကာ ရှာဖွေနေသည်ဟု စုံစမ်းသိရှိရသည်။
“ ဗုံးက လက်လုပ်ဗုံးပေါ့။ စစ်သားတွေ လာစစ်သွားတယ်။ ဗုံးပစ်တဲ့သူတွေကို မမိသွားဘူး။ ဗုံးကို လက်နဲ့ကိုင်ပြီး လမ်းပေါ်ပစ်ပေးတဲ့သူက Golden Hill က လုံခြုံရေးဝန်ထမ်းလုပ်နေတဲ့ ကျော်ကျော်ဆိုတဲ့သူ။ သူက သွားကျိုးသွားတယ်။ ဒဏ်ရာနည်းနည်းရသွားတယ်” ဟု ၎င်းက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယနေ့ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လာရှိုးမြို့အတွင်း သေနတ်ပစ်ခတ်သံ ၃ ချက်ထက်မနည်း ထွက်ပေါ်ခဲ့သည်ဟုလည်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် လားရှိုးမြို့ အမှတ် (၂) ရပ်ကွက်ရှိ Golden Hill Hotel အနီး လမ်းမပေါ်တွင် ရပ်ထားသည့် Grande Mark 2 အမျိုးအစားယာဉ်၏ ဘေးကိုယ်ထည် ပွန်းပဲ့ရာများဖြစ်ပွားခဲ့သည်ဟု MPA အနေဖြင့် စုံစမ်းသိရှိရသည်။