ဒေါ်အောင်ဆန်းစုကြည်အား မွေးနေ့ဆုတောင်းပေးသည်ဟုဆိုကာ သရုပ်ဆောင် ပိုးကြာဖြူခင်ကို စစ်ကောင်စီတပ်မှ ထိန်းသိမ်းထားသည်ဟု မိသားစုနှင့် နီးစပ်သူထံမှ စုံစမ်းသိရှိရသည်။
“ မနေ့က ခေါ်သွားတယ်။ အခုထိတော့ သေချာမသိရသေးဘူး။ သူ့မိသားစုဘက်ကလည်း ဘာမှ မပြောသေးဘူး” ဟု ၎င်းက ပြောသည်။
ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် သရုပ်ဆောင် ပိုးကြာဖြူခင်၏ လူမှုကွန်ရက်ပေ့ချ်မှ “ 78th Happy Birthday” ဟု ရေးသားခဲ့ကြောင်း စစ်တပ်ထောက်ခံသူ ဟန်ငြိမ်းဦး၏ Telegram အကောင့်မှ ဖော်ပြခဲ့သည်။
ထို့အပြင် သရုပ်ဆောင် မိုးပြည့်ပြည့်မောင်နှင့် သရုပ်ဆောင် ခင်ဝင့်ဝါတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု အနုပညာ အသိုင်းအဝိုင်းမှ သတင်းများထွက်ပေါ်နေသော်လည်း MPA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။