မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှ ဖမ်းဆီးထားသော CDM စစ်သားဟောင်းဗိုလ်ကြီးဆိုင်ဂုံအတွက် တရားရေးအကာအကွယ်များ ရရှိရေး ဇွန်လ ၁၈ ရက်နေ့တွင် ပြုလုပ်သည့် CDM ဗိုလ်ကြီးဆိုင်ဂုံနှင့် တော်လှန်ရေးရဲဘော် ၆ ဦး တရားဥပဒေမဲ့စွာ ဖမ်းဆီးခံထားရသည့် အခြေအနေများအား ထုတ်ဖော်ပြောဆိုသည့် သတင်းစာရှင်းပွဲတွင် တောင်းဆိုလိုက်သည်။
“ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချိန် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ထားတာ ဖြစ်စေချင်တယ်။ ကိုယ့်အဖွဲ့က ကိုယ့်ဘာသာဖမ်း၊ ကိုယ့်ဘာသာ စစ်မေး၊ ကိုယ့်ဘာသာ သက်သေတွေ လုပ်ပြီး ကိုယ့်ဘာသာ အရေးယူမယ်ဆိုတာမျိုးက လုံးဝ လက်မခံနိုင်တဲ့ အနေအထားပါ။ ဒါက စစ်တပ်က လုပ်နေကျ။ အခုလည်း မြေပြင်မှာ စစ်ကောင်စီ လုပ်နေကျ ပုံစံမျိုး သက်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး ကိစ္စတွေကို တရားမျှတစွာ လုပ်ဖို့ဆိုရင် NUG အစိုးရ MOD အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးနေတာရှိပေမယ့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးသင့်တဲ့ အနေအထား တွေ့ရတယ်”ဟု တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီ၏ အဖွဲ့ဝင်ဖြစ်သူ CDM တပ်မတော်သား ကောင်းသူဝင်းက ပြောသည်။
ဗိုလ်ကြီး ဆိုင်ဂုံသည် ယခုနှစ် ဧပြီလ ၁၁ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဆိုလျှင် ၂ လကျော် ကြာမြင့်လာပြီဖြစ်သည့်အတွက် CDM စစ်သားများမှ ဗိုလ်ကြီး ဆိုင်ဂုံအမှုအား ပို၍ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးစေလိုကြောင်းလည်း တောင်းဆိုထားသည်။
“ဖမ်းဆီးခံခဲ့ရတဲ့ ကာလအတွင်းမှာလည်း တခြား ကျင့်ဝတ်တွေနဲ့ မညီတဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ရှိတယ်လို့လည်း သိထားရတယ်။ အခုထိလည်း ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးခံရတာ မရှိဘူး။ သမာသမက်ကျတဲ့ အဖွဲ့ဝင်တွေကလည်း အမှုကို သေချာ လွှဲအပ်ပေးနိုင်တာမျိုးလည်း မရှိသေးပါဘူး။ ဒီကိစ္စဟာ ရိုးရှင်းမှု မရှိသလို တရားမျှတမှုလည်း မရှိဘူးလို့ နားလည်ပါတယ်”ဟု တရားမျှတမှုဖော်ဆောင်ရေးကော်မတီ၏ အဖွဲ့ဝင်ဖြစ်သူ CDM ဗိုလ်ကြီး ညီသုတက ပြောသည်။
ဗိုလ်ကြီးဆိုင်ဂုံအား ဖမ်းဆီးသွားစဉ်က ဒလန်ဟူသော စွပ်စွဲချက်ပါဝင်သည့်အတွက် အခြားသော CDM များအတွက် စောင့်ကြည့်စရာကိစ္စတခုဖြစ်လာကာ CDM စစ်သားများအနေဖြင့် ဒလန်ဟု စွပ်စွဲခံရပါက အရင်ဆုံး အဖမ်းခံရခြင်းသည် မြေပြင်တွင် တိုက်ပွဲဝင်နေသော CDM စစ်သားများအား ခြိမ်းခြောက်မှုဖြစ်လာကြောင်း CDM တစ်ဦးဖြစ်သည့် Captain Zero က သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။
ဗိုလ်ကြီးဆိုင်ဂုံသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ညောင်ဦးတို့ကို ဗဟိုစစ်ကော်မရှင်သို့ တင်ပြမှုမရှိဘဲ သွားလာခဲ့ခြင်း၊ တင်ပြ ခြင်းမရှိဘဲ တပ်ဖွဲ့ပိုင်အမှတ်တံဆိပ်များအား အသုံးပြု၍ Facebook Page များ ဖွင့်လှစ်ခြင်း၊ တိုင်းရင်းသား ဒေသတစ်ခုသို့ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်း၊ ဒေသတွင်းတော်လှန်ရေးအဖွဲ့များ၏ တပ်တည်နေရာ လက်နက်လမ်းကြောင်းများကို မှတ်သားခြင်း၊ တပ်ဖွဲ့ဝင်များအကြား သွေးခွဲအုပ်ချုပ်ခြင်း၊ လူမှုရေးဖောက်ပြန်ခြင်း စသည့်မသင်္ကာဖွယ်ရာတို့ကို အချက်အလက်နှင့် တွေ့ရှိခဲ့ခြင်းကြောင့် တပ်ရင်း (၄၀၄) နယ်မြေတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ထုတ်ပြန်ထားခဲ့သည်။
ဗဟို မိုးကြိုးပြောက်ကျားတပ်ဖွဲ့ မှ ဖမ်းဆီးထားသည့် ဗိုလ်ကြီးဟောင်းဆိုင်ဂုံသည် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ တပ်ရင်း ၁၀၁ မှ တပ်ရင်းမှူးဖြစ်ကာ တပ်ဖွဲ့ဝင်ဟောင်းများနှင့်အတူ “လွတ်မြောက်ရေး အင်အားစု စစ်သည်များအဖွဲ (W.O.L.F)” အား ဖွဲ့စည်းကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ခံ တပ်ရင်းအဖြစ် ဝင်ရန် ပြင်စဉ်နေသူဖြစ်ကြောင်း သိရသည်။