မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင်ယနေ့ (ဇွန် ၂၀ ရက်)နံနက်ပိုင်း က ၃ ယောက်စီး ဆိုင်ကယ် များနှင့် ယာဉ်မောင်းလိုင်စင်မရှိသူများကို ရဲများက ဖမ်းဆီးငွေညှစ်နေကြောင်းသိရသည်။
မိုးကုတ်မြို့၊စျေးဟောင်းရပ်ကွက်၊ စံပြမုန့်တိုက် အနီးတွင်ရဲ အင်အား ၁၀ဦး ကျော်ဖြင့် ဖမ်းဆီးခဲ့ကြောင်း မိုးကုတ်မြို့ခံအချို့ထံက သိရသည်။
” လမ်းပြောင်းပြန်လာရင်လည်း ဖမ်းတယ်။ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်တွေလည်းဖမ်းတယ်။ ကားမောင်းလိုင်စင် မရှိတာ ၊ ကားလိုင်စင်မရှိတာတို့ဆို ကားကိုဘေးရပ်ခိုင်းပြီး စစ်မေးနေတာတော့ တွေ့ခဲ့တယ် ” ဟု မိုးကုတ်မြို့ခံ တစ်ဦး က MPA သို့ ပြောသည်။
မိုးကုတ်မြို့တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး ယာဉ်ထိန်းရဲများက ဖမ်းဆီး ခြင်း မရှိဘဲ ရဲများကသာ ဖမ်းဆီးနေခြင်းဖြစ်သည်။
” သူတို့က ပိုက်ဆံလိုလို့ ဖမ်းနေတာပဲနေမှာ။ အနည်းဆုံးေတာ့၃ သောင်း ၊၄ သောင်း လောက်ပေးရမှာပေါ့ ” ဟု ၎င်းက ပြောသည်။ ကားနှင့်ဆိုင်ကယ်များကို ယခုဖမ်းဆီးမှုမှာ ဇွန်လအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ဖမ်းဆီးခံခဲ့ရသူများမှာ ငွေပေးခဲ့ရကြောင်း သိရသည်။