ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်၊အလက ၃ကျောင်းတွင် ဖတ်စာအုပ်မရသေးသဖြင့် ကျောင်းသား/သူများ ဒုက္ခရောက်နေကြောင်း သိရသည်။
ဇွန်လ ၁ရက်နေ့က ကျောင်းစတင်အပ်နှံခွင့်ပြုခဲ့သော်လည်း ဖတ်စာအုပ်များ မပေးနိုင်သေးသဖြင့် ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင်ပင် ဖတ်စာအုပ်ရောင်းနေကြောင်း ယင်းကျောင်းရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
“ ဖတ်စာအုပ်တွေ မရသေးတော့ ဘာသာစုံကို၁၆၀၀၀နဲ့ရောင်းတာပေါ့။သူ့ဆီက မဝယ်ချင်လည်း အပြင်မှာဝယ်ပေါ့။ကျောင်းအပ်တုန်းကတော့ အလကားရမယ်ဆိုပြီး အခုထိကို မရသေးတာ” ဟု ၎င်းကပြောသည်။
ဖတ်စာအုပ်များ လုံလောက်စွာ မရှိခြင်းကြောင့် အလက ၃ကျောင်းရှိ ၈တန်း ကျောင်းသား/သူများကို ဆရာမများက စာ အနည်းငယ်သာသင်သေးကြောင်း ကျောင်းသားတစ်ဦးက ပြောသည်။
“ သားတို့ ၈တန်းဆို အခန်းနှစ်ခန်းရှိတယ်။တစ်ခန်းမှာ လူ ၄၀လောက်ရှိတယ်။ဖတ်စာအုပ်မရှိလို့ စာသိပ်မသင်ဘူး။ဖတ်စာအုပ်ရမှ သင်မယ်လို့ ဆရာမကပြောတယ်။ဖတ်စာအုပ်က ဘယ်နေ့သေချာရမယ်ဆိုတာ ဆရာမတွေလည်း မသိဘူး။အပြင်ကနေဝယ်ပြီး သင်နေရတာပေါ့” ဟု ၎င်းက ပြောသည်။
အလက(၃)ကျောင်းတွင် ဖတ်စာအုပ်မရရှိသေးသည့် အတန်းများလည်း ရှိနေပြီး သက်ဆိုင်ရာအတန်းအလိုက် ဖတ်စာအုပ်ရရှိသည့် ကျောင်းသား/သူ အနည်းငယ်သာရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်က ကျောင်းများဖွင့်လှစ်ထားသော်လည်း ကျောင်းသုံးဖတ်စာအုပ်များနှင့် စာသင်ကြားမည့် ဆရာ/ဆရာမအင်အားကို လုံလောက်စွာ ဖြည့်တင်းပေးနိုင်ခြင်းမရှိပေ။