ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာများတွင် အာဏာသိမ်း စစ်ကောင်စီ၏ ညွှန်ကြားချက်ဟု ဆိုကာ ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က တစ်အိမ်ထောင်လျင် အုန်းပင် ၅ ပင် မစိုက်မနေရ ဖိအားပေး စိုက်ခိုင်းကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ ကျွန်တော် အိမ်ထဲမှာ အုန်းပင်စိုက်နေတုန်း စစ်ကောင်စီကားက ကင်းလှည့်ရင်း ဝင်လာကြည့်တာ အုန်းပင်ကို ခြံထဲမှာ မစိုက်ရဘူး။ ခြံပြင်မှာ စိုက်ရမှာလေ။ ငါတို့ကယတြာခြေတဲ့အနေနဲ့ စိုက်ခိုင်းတာ အားယားလို့ စိုက်ခိုင်းတာ မဟုတ်ဘူးလို့ ဆူပူကြိမ်းမောင်းသွားတယ် “ ဟု ဒေသခံတစ်ဦးက MPA သို့ ပြောပါသည်။
အုန်းပင်ကို အိမ်တိုင်း တစ်အိမ်ကို ၅ ပင် စိုက်ရမည် ဖြစ်ကြောင်း၊ မစိုက်လျှင် ၁ ပင် ၅၀၀၀၀ ကျပ်နှုန်းဖြင့် ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ကြောင်း ရပ်ကွပ်အုပ်ချုပ်ရေးမှူးရုံးမှ အသိပေး ပြောကြားခဲ့သည်ဟု သိရသည်။
ပုံမှန် ပျိုးအုန်းပင် တပင်လျှင် ကျပ် ၁၀၀၀၊ ၁၅၀၀ ခန့်သာ ရှိခဲ့ရာမှ တရက်အတွင်း တပင်လျှင် ကျပ် ၅၀၀၀ အထိ ဝယ်ယူနေရကြောင်း ဒေသခံတစ်ချို့ထံမှ သိရသည်။
“အခုဆို အုန်းပင် ဝယ်လို့ကိုခက်သွားပြီ ကျွန်တော်တို့က ပျိုးပြီး ရောင်းတာလေ အခြားနေရာတွေကလည်း ပြန်ဝယ်လို့ကို မရတော့ဘူး။ ပစ္စည်းကရှားပြီဆို သိတဲ့အတိုင်းဘဲ ဈေးကထိုးတက်ကော ဈေးတက်တော့ အခြေခံလူတန်းစားတွေအတွက်တော့ အဆင်မပြေဘူး” ဟု ပျိုးပင်ရောင်းသူ တစ်ဦးထံမှ သိရပါသည်။
၎င်းက ဆက်ပြီး “ အရင်ကဆို ကျွန်တော်ရောင်းတာ အုန်းပင်တစ်ပင်မှ ၁၅၀၀ လောက်ပဲ ရှိတယ်။ တစ်ပင်ဆို ၅၀၀ လောက်တော့မြတ်တာပေါ့။ အခုဟာက ပျိုးပင်ကလည်း ခြံထဲမှာကုန်နေပြီ ဆိုတော့ အခြားသူဆီ ပြန်ဝယ်ပြီး ရောင်းရတာ အရင်းကကို တစ်ပင် ၅၀၀၀ လောက်ရှိနေပြီ။ အဲ့တာကို ဈေးအရမ်းတင်ပြီးရောင်းဖို့ကျ အဆင်မပြေဘူးလေ။ အမြတ်ကို ၁၀၀ လောက်ဘဲယူပြီး ရောင်းတော့တယ်။ ဒါမှလည်းအကုန်အဆင်ပြေမှာ” ဟု ပြောပါသည်။
တချို့နေရာများတွင် ပျိုးအုန်းပင် ဝယ်ယူ စိုက်ပျိုးရန်ပင် ခက်ခဲလာသည့်အတွက် မရသည့်အဆုံး အုပ်ချုပ်ရေးမှူးကို တင်ပြရကြောင်း၊ ယင်းအခြေအနေကို ၅ ပင် စိုက်ပျိုးခိုင်းရာမှ ၃ ပင်အထိ လျော့ပေါ့ စိုက်ပျိုးခိုင်းသည်ဟု သိရသည်။
ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့သည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အဖြစ် ပြည်တွင်း၊ ပြည်ပ မြန်မာနိုင်ငံသားများမှ ပန်းသပိတ်ကို နည်းမျိုးစုံနှင့် ပါဝင်ဆင်နွှဲနေချိန်တွင် စစ်ကောင်စီအဖွဲ့မှ ယခုလို အုန်း ၅ ပင် စိုက်ခိုင်းခဲ့ခြင်း ဖြစ်သည်။