မိုးရာသီကာလ ရောက်ရှိနေပြီဖြစ်၍ ရခိုင်ပြည်ရှိ မုန်တိုင်းဘေးဒဏ်သင့် ပြည်သူများသည် ပျက်စီးသွားသည့်နေအိမ်များအား ပြန်လည်ဆောင်လုပ်ကြရန်အတွက် အမိုးအကာများနှင့် ဝါးများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။
မုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် အိမ်ဆောက်ပစ္စည်းများ၊ သွပ်မိုးများ၊ ဓနိများနှင့် ဝါးများသည် အဆမတန် မြင့်တက်ခဲ့သော်လည်း လက်ရှိချိန်တွင် ဝါးများသည် ဈေးများ ပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“သွပ်တွေ ဈေးတွေတက်တော့ အကုန်လုံးက ဝါးနဲ့ ဓနိကိုသုံးပြီး အိမ်တွေ ပြန်ဆောက်ကြတာပေါ့။ အဲ့ဒီတော့ ဓနိနဲ့ ဝါးတွေက ဈေးတွေ ပြန်တက်ရော။ မုန်တိုင်းတိုက်ပြီးတော့ ဝါးခုတ်တဲ့သူတွေကလည်း ဝါးကောင်းတွေ သိပ်မရတော့ တစ်ရာကို ၆၀,၀၀၀/ ၁၀၀,၀၀၀ ရောင်းကြတယ်။ အခုတော့ ဝါးခုတ်တဲ့သူတွေက တစ်ရာကို ၂၅,၀၀၀ နဲ့ပဲ ရောင်းတော့တယ်။ အခုက ဈေးတွေ ပြန်ကျသွားတာပါ”ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် နေအိမ်၊ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ပြီး ပြန်လည်တည်ဆောက်ရန် အခက်အခဲများစွာ ရှိနေကြကာ မုန်တိုင်းအလွန်တွင်လည်း အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် ဒေသခံများမှာ ဝါး၊ ဓနိ စသည်တို့ဖြင့် ပြန်လည်ဆောက်လုပ်နေကြကြောင်းလည်း သိရသည်။
“ဝါးက တစ်ရာကို ၃၀,၀၀၀ ပါ။ ပြန်ကျသွားတာပေါ့။ မုန်တိုင်းပြီးခါစကတော့ တစ်ရာကို သိန်းဂဏန်းကပ်သွားတယ်။ အဲ့ဒါကလည်း မုန်တိုင်းပြီးခါစဆိုတော့ ဝါးကောင်းကလည်းမရ။ ရာသီလည်း မဟုတ်သေးတော့ ရတဲ့ဟာကို ဈေးကောင်းနဲ့ ရောင်းရတာပါ။ အခုကတော့ ပြန်ကျတာပေါ့”ဟု မြောက်ဦးမြို့နယ်မှ ဝါးခုတ်ရောင်းချသူတစ်ဦးက ပြောသည်။
လက်ရှိချိန်တွင် ဒေသခံ ပြည်သူများအနေဖြင့် နေအိမ်များအား အခိုင့်အခန့်တည်ဆောက်နိုင်ရန် မဖြစ်နိုင်သေးသည့်အတွက် မိုးရာသီတွင် မိုးလုံ၍ နေထိုင်ရအဆင်ပြေစေရန်အတွက် ဓနိနှင့် ဝါးများကို အသုံးပြု၍ တည်ဆောက်နေကြရကြောင်းလည်း သိရသည်။
“ဓနိဈေးကလည်း အချပ်တစ်ရာကို ၂၅,၀၀၀။ မုန်တိုင်းပြီးတော့ ၃၀,၀၀၀ ကျော်အထိ ဖြစ်သွားသေးတယ်။ သွပ်တွေကလည်း ဈေးတွေ တက်နေသေးတော့ မသုံးနိုင်ကြသေးဘူး။ အဓိကကတော့ ဓနိနဲ့ ဝါးကို သုံးပြီး ဆောက်ကြတာပေါ့။ လောလောဆယ်တော့ ဝါးက လိုသလောက် ဝယ်လို့ မရဘူး။ ဒီဘက်မှာ ရှားနေသေးတယ်။ ဝါးခုတ်တဲ့ ရာသီလည်း မဟုတ်တော့ ရှားနေတာဖြစ်မယ်”ဟု ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသ၊ မင်းပြားမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရေချိုရှိသော ဒေသများမှ ဝါးများ အဓိကထွက်ရှိကြောင်း သိရသည်။
မုန်တိုင်းတိုက်ခတ်ပြီး တစ်လကျော်ကြာသည်အထိ ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများမှာ ပြန်လည်ထူထောင်ရန်အတွက် မလုပ်ဆောင်နိုင်သေးသည့်အပြင် အကူအညီများလည်း များစွာလိုအပ်နေသေးကြောင်း သိရသည်။