ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရအဖြစ် ၈၀ မမ လက်နက်ကြီး အဆင့်မြှင့်တင် စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက ပြောသည်။
အထက်ပါ စမ်းသပ်မှုကို ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ၇၈နှစ်ပြည့်မွေးနေ့အား အမှတ်တရအနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်တေဇက ယခုလို ဆိုပါသည်။
“ မနေ့က မနက်ပိုင်းက လုပ်ခဲ့တာပါ။ အမေ့မွေးနေ့ အမှတ်တရပေါ့။ ၈၀ မမကို ပုံစံပြောင်းပြီး စမ်းသပ်တာပေါ့။ အောင်မြင်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။
နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ထုတ်လုပ်အောင်မြင်ခဲ့သည့် ၈၀ မမများကို ယမန်နေ့က ပုံစံ၊ ပြင်းအားနှင့် အကွာအဝေးများ ထပ်တိုးကာ စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်တေဇက ပြောသည်။
“ အရင် က ၁၂၀ မမတွေအထိ ထုတ်ခဲ့ပြီးသားပါ။ မနေ့က စမ်းသပ်ထုတ်လုပ်တဲ့ ၈၀ မမက အကွာအဝေးဆို မီတာ ၂၅၀၀ ရောက်တယ်။ အသီးပေါက်ကွဲအားကလည်း မီတာ ၁၀၀ ပတ်လည်ပေါ့။ အားသာချက်က ကားမောင်းနေတုန်းပစ်လို့ရမယ်။ ပုံစံကလည်းပိုကောင်းသွားတယ်။ နှစ်လုံးတပြိုင်တည်း ပစ်လို့ရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် နေပြည်တော် ပကဖ မှ အသစ်ထုတ်လုပ်စမ်းသပ် အောင်မြင်ခဲ့သည့် ၈၀ မမကို သုံးခုထုတ်လုပ်ရန် စီစဉ်ထားသော်လည်း အလှူငွေရရှိမှု အခြေနေအရ တစ်ခုတည်းသာ ထုတ်လုပ်ထားပြီးဖြစ်ကြောင်း သိရသည်။