မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆုံကုန်းကျေးရွာက နေအိမ်၂လုံးပေါ်သို့ စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။
ယနေ့(ဇွန်၂၀ရက်)မွန်းလွဲ ၁နာရီဝန်းကျင်က မြိုင်မြို့နယ်၊ကိုင်းတောမကျေးရွာ ရေစက်(ရေပေးဝေသောနေရာ)နားတွင် အထိုင်ချနေသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က လက်နက်ကြီးဖြင့်ပြန်လည်ရမ်းသန်း ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ့နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။
“ ငါးလုံးလောက် ရွာအစပ်ကိုကျတာ။ အိမ်တလုံးကတော့ မီးလောင်ပျက်စီးသွားပြီး နောက်တလုံးက ခေါင်မိုးအပေါက်ကြီးဖြစ်သွားတယ်။ ထိခိုက်မိတဲ့သူတော့မရှိဘူး။ “ ဟု ၎င်းက MPA သို့ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲသော ရွာအစပ်ရှိ ပြည်သူများသည် လက်နက်ကြီးမကျရောက်နိုင်ဟုထင်ရသော နေရာသို့ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
“ အစောပိုင်းတုန်းက သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ PDFတွေနဲ့ ချနေပြီပေါ့။ ခဏလောက်နေတော့ ရွာဘက်ကို လက်နက်ကြီးနဲ့ ဆက်တိုက် လှမ်းထုတော့တာပဲ။ PDFတွေကို မနိုင်လို့ ရွာကို မဲပြီးလှမ်းထုတာထင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
PDF များတိုက်ခိုက်မှုကြောင်း စစ်သား၃ဦးသေဆုံးကြောင်း ဒေသခံတချို့က ပြောကြားသော်လည်း MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ကိုင်းတောမရွာနှင့်ဆုံကုန်းကျေးရွာမှာ ကပ်လျက်ရွာများဖြစ်ကြပြီး ဆုံကုန်းရွာတွင် အိမ်ခြေ ၃၀၀ကျော်ရှိသည်။
စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်သည့် PDF အဖွဲ့အမည်များအား မသိရှိသေးပေ။