ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပန်းပန်သွားသည့် ကျောင်းသူတစ်ဦးအား စာသင်ကျောင်းမှ ဆရာ/ဆရာမများက လှောင်ပြောင်ကာ ပန်းမပန်ရန် ပြောဆိုကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရန်ကုန်မြို့ ၊ မြို့နယ်တစ်ခုမှ ရှစ်တန်းကျောင်းသူတစ်ဦးက MPA သို့ ပြောသည်။
“သမီးက ပန်းပန်သွားတာ။ မိုးရွာနေတော့ ကျောင်းရောက်တာလည်း နောက်ကျတယ်။ ကျောင်းထဲရောက်တော့ ကျောင်းအုပ်ဆရာမကြီးက သူ့ရုံးခန်းခေါ်သွားပြီးတော့ သမီးပန်ထားတဲ့ ပန်းကို လှတယ်လို့ ပြောတယ်။ ပြီးတော့ လှောင်သလို ပုံစံနဲ့လည်း ရယ်တယ်။ ပန်းမပန်နဲ့လို့လည်း ပြောတယ်။ ဒေါ်စုမွေးနေ့မို့လို့၊ ပန်းသပိတ်မို့လို့ဆိုပြီးတော့တော့ ပန်သွားတာ မဟုတ်ပါဘူး။ ဒီတိုင်း အိမ်မှာ စိုက်ထားတဲ့ အပင်က ပွင့်လို့ ခူးပြီး ပန်သွားတာ။ ဒီနေ့ ကျောင်းမှာက ပန်ပန်းတာ သမီးပဲ ရှိတယ်။ အရင်ရက်က ပန်တဲ့ ဆရာမတွေလည်း ဘယ်သူမှ ပန်းမပန်ကြဘူး”ဟု ၎င်း ရှစ်တန်းကျောင်းသူက ပြောသည်။
ထို့အပြင် CDM ကျောင်းသားများ၊ Non CDM ကျောင်းသားများ စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း မယုံကြည်ရန်၊ နားမဝင်ရန်အတွက်လည်း ဆရာ/ဆရာမများက ဝိုင်းဝန်းပြောဆိုမှုများလည်း ရှိသည်ဟု ဆိုသည်။
“သမီး သူငယ်ချင်းတွေကလည်း နာမည်တော့ ထည့်မပြောဘူး။ သူ့ရဲ့ ( ဒေါ်အောင်ဆန်းစုကြည်) မွေးနေ့မို့လို့ ပန်တာလားဆိုပြီး ပြောတာပေါ့။ Tiktok မှာလည်း ပလူပျံနေတာ အဲ့ဒါအတွက် ပန်တာမဟုတ်ရင် ဘာလို့ ပန်လဲဆိုပြီး ပြောတယ်။ ငါတို့က သူ (ဒေါ်အောင်ဆန်းစုကြည်) ပြန်လာရင်ရော ၇ တန်းကနေ ပြန်တက်ရမှာလားလို့လည်း မေးတယ်။ ပြီးတော့ သမီးတို့အခန်းဆို ကျောင်းသားတွေက ၅၀ ကျော်ရှိတာ ဒီနေ့ဆို ကျောင်းမလာတာ အယောက် ၂ ၀လောက်ရှိတယ်။ ပန်းသပိတ်လုပ်တဲ့သူတွေကို ပစ်မယ်တို့ ဘာတို့နဲ့ဆိုတော့ မလာတာနေမယ်”ဟု ၎င်း ကျောင်းသူက ဆက်ပြောသည်။
ထို့အပြင် ကျောင်းမှ ဘုရားပန်းအားစွန့်၍ ပန်းသည့် ၎င်း၏ သူငယ်ချင်းကျောင်းသူတစ်ဦးကိုလည်း တခြားကျောင်းသူ/သားများမှ လှောင်ပြောင်ခဲ့သလို ကျောင်းဆရာတစ်ဦးကလည်း လက်နက်ကိုင်လမ်းစဉ် လိုက်သွားခဲ့သည့် ကျောင်းနေအရွယ် ကလေးများအား အတုမယူကြရန် ပြောဆိုကြောင်းလည်း သိရသည်။
“သပိတ်တွေဘာတွေတော့ ဦးလေးတို့လည်း ကြားတယ်။ ကလေးတွေ ပန်းပန်တာတော့ ဘာမှ မဖြစ်ဘူးဘဲ ထင်တာလေ။ ပန်လည်း ပန်ပေါ့။ ဦးလေးကိုယ်တိုင်ပဲ ကျောင်းလိုက်ပို့တာ။ ကျောင်းအဝရောက်တော့ ဆရာမတစ်ယောက်က ကလေးကို လှမ်းခေါပြီး သူ့ရုံးခန်းကို ခေါ်သွားတာတော့ တွေ့လိုက်တယ်။ ကလေးက နဂိုလည်း ကျောင်းမှာ ဝေယျာဝစ္စ လုပ်ပေးတယ်လို့ ပြောပြနေကျဆိုတော့ အဲ့လိုထင်တာ။ အခု ကျောင်းက ပြန်ရောက်တော့မှ အဲ့ဒီလို အပြောခံရမှန်း သိရတာ။ တကယ်ဆို ပန်းပန်တာပဲ မပန်စေချင်ရင် ဆရာ/ဆရာမတွေက စည်းကမ်းတကျပြောလို့ရတာပဲ။ အခုက ကလေးကို လှောင်သလို ခနဲ့သလို ပြောတာဆိုတော့ နည်းလမ်းတော့ မကျဘူးပေါ့။ ဘာ့ကြောင့် ဒီလိုပြောလဲဘာလဲတော့ သွားမမေးတော့ပါဘူး။ သူတို့လည်း သူတို့အကြောင်းရှိမှာပေါ့”ဟု ၎င်း ကျောင်းသူ၏ မိဘက ရှင်းပြသည်။
ယနေ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်မြောက်မွေးနေ့ ဖြစ်ကာ နိုင်ငံတစ်ဝန်းတွင် ပန်းသပိတ်များပြုလုပ်ကာ စက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများအပြင် ရပ်ကွက်နေထိုင်သူများလည်း ပန်းပန်ကြကြောင်း စုံစမ်းသိရှိရသည်။