နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်တွင် မကွေးခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော်များ စုပေါင်းကာ သံဃာများအား ဆွမ်းကပ်လှူဒါန်းခဲ့ပြီး ပန်းသပိတ်တွင်လည်း ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
ယနေ့ ကျင်းပသည့် ပွဲကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း၏ ယာယီဌာနချုပ်၌ နံနက် ၈ နာရီက ကျင်ပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ ပန်းသပိတ်ပွဲကို အမေစုနှင့် တကွ ခေတ်အဆက်ဆက် တော်လှန်ရေးခရီးတွင် ပါဝင်ကြသည့် အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ပါဝင်နေသည့် အမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် ရည်ရွယ်ကာ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ အဓိကကတော့ အမေစုမွေးနေ့မှာ ပန်းသပိတ်ကို ပြည်သူလူထုကလည်း ပါဝင်ဆင်နွဲကြသလို ကျနော်တို့ PDF တွေ အနေနဲ့လည်း ပြည်သူတွေနဲ့တသားတည်းရှိကြောင်း ပြဖို့ရယ်၊ တော်လှန်ရေးအတွက် အင်အားဖြစ်စေမယ့် လှုပ်ရှားမှုတစ်ခုအနေနဲ့ရော အမေစုအတွက် မွေးနေ့လက်ဆောင်အနေနဲ့ ပန်းသပိတ်ကို ပါဝင်ဆင်နွဲခဲ့တာပါ” ဟု မကွေးခရိုင် အမှတ် ၂ တပ်ရင်း ၏ တာဝန်ရှိသူမှ ပြောသည်။
မကွေးခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော်များသည် “ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” “Happy Birthday Mother Su” “အမေစု ကျန်းမာပါစေ” ဟု ဆိုင်းပုဒ်များကို ကိုင်ဆောင်ပြီး ပန်းသပိတ်တွင် ပါဝင်ခဲ့ကြောင်း သိရသည်။
တပ်ရင်းအနေဖြင့်လည်း အမေကျန်းမာပါစေလို့ အဓိကဆုတောင်းပေးလိုက်ပါတယ်။ အမေ့နောက်မှာ ကျနော်တို့ ရပ်တည်နေတယ်” ဟု ဆုတောင်စကားများ ပြောပေးခဲ့ကြကြောင်း သိရသည်။