စစ်ကိုင်းတိုင်း ၊ မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများ စုပေါင်းကာ မုံရွာ-အမြင့်လမ်း သပိတ် ဦးဆောင်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တို့ ဦးဆောင်ပြီး ဇွန်လ ၁၉ ရက်နေ့တွင်လူထုသပိတ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
” လူထုသပိတ်ကို ၈ နာရီခွဲမှာ စပြီး ၁၁ နာရီလောက်မှာ သိမ်းတယ်၊ လူထုအလုံးအရင်းနဲ့ မုံရွာ အမြင့်လမ်းမပေါ်တက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြု ရင်း သပိတ်ကို ပြုလုပ်ခဲ့တာ” ဟု မုံရွာ အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ၏ တာဝန်ရှိသူမှ ပြောသည်။
သပိတ်အင်အားစုများတွင် ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ စာတမ်းပါ ဗီနိုင်းနှင့် Free Daw Aung San Suu Kyi and All Political Prisoners UN! Implement Your Resolution 2669 စာတမ်းပါ ဗီနိုင်းများ ကိုင်စွဲကာ သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ သပိတ်လုပ်ဆောင်မှုတွင် အမျိုးသားညီညွှတ်ရေး အစိုးရ လက်အောက်ခံ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြုလုပ်သော ပဋိပက္ခကာလနှင့် ပဋိပက္ခအပြီး လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး အမျိုးသားများပါဝင်ပေး ဟူသည့် ကမ်ပိန်းကိုပါ ပြုလုပ်ခဲ့သေးကြောင်းလည်း သိရသည်။