စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ ဇွန်လ အတွင်း မြွေဆိုးအကိုက်ခံရသည့် စစ်ရှောင်ပြည်သူ ၉ ဦးအထိ ရှိလာကြောင်းသိရသည်။
ဇွန်လ၁ရက်နေ့မှာ ၁၈ရက်နေ့အထိ ကန့်ဘလူမြို့နယ်အတွင်း မြွေဆိုးအကိုက်ခံရသူစစ်ရှောင်ပြည်သူအရေအတွက်မှာ မြင့်တက်လာပြီး ၉ဦးစလုံး အချိန်မီ ဆေးကုသမှုခံယူနိုင်သဖြင့် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦး ကပြောသည်။
ဇွန်လ ၁၇ ရက်နေ့ နံနက် ၅နာရီ ခန့်တွင် ကန့်ဘလူမြို့နယ်၊ချပ်သင်းတိုက်နယ် အတွင်းရှိ အသက် ၄၇ နှစ်အရွယ် အမျိုးသမီး တစ်ဦး မြွေဆိုးအကိုက်ခံရပြီး ဇွန်လ ၁၈ ရက်နေ့တွင်လည်း အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြွေဆိုးအကိုက်ခံရကြောင်းသိရသည်။
” နှစ်ယောက်စလုံးက စစ်ရှောင်တဲတွေမှာနေတဲ့ အမျိုးသမီးတွေပါဗျ။ တစ်ယောက်က ယာထဲသွားတဲ့အချိန် မှာ အကိုက်ခံရတာပါ ။ တစ်ယောက်ကတော့ ဘုရားပန်းလဲတဲ့အချိန် အကိုက်ခံလိုက်ရတာ ပါဗျ ” ဟု ၎င်းကပြောသည်။
မိုးဦးရာသီဖြစ်သောယခုလ၌ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်က အဆက်မပြတ်စစ်ကြောင်းထိုးနေခြင်းကြောင့် စစ်ရှောင်ဦးရေ သောင်းနှင့်ချီ ကျေးရွာစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကာ ဘေးကင်းမည်ထင်သည့် နေရာများတွင်ဖြစ်သလို နေထိုင်ရသဖြင့် ေမြွဆိုးအကိုက်ခံရနှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
” အခုလက်ရှ်ိ မြွေကိုက်ခံရတဲ့ အမျိုးသမီး နှစ်ဦးရဲ့ အခြေအနေက အောင်မြင်တဲ့အနေအထားကိုရောက်သွားပါပြီဗျ။ သူတို့အတွက် စိတ်ချရတဲ့အနေအထားပါဗျ။ ၈၀ ရာခိုင်နှုန်း အောင်မြင်သွားပါပြီ ” ဟု ၎င်းက ပြောသည်။
အဆိုပါအမျိုးသမီးနှစ်ဦးကို ကိုက်သည့်မြွေမှာ မြွေပွေးအမျိုးအစားဖြစ်ပြီး ထို အမျိုးသမီးနှစ်ဦးအား BPI မြွေဆိပ်ဖြေဆေး လေးလုံးထိုးပေးထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်း မြွေဆိုးအကိုက်ခံရသည့် စစ်ရှောင်ဦးရေ၈ဦး ရှိကြောင်းသိရသည်။