ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပီပင်ရင်းလူငယ်များအသင်းမှ ပြန်လည်ပြုပြင်ထားသော မုန်တိုင်းဒဏ်သင့် သစ်ပင်များအား လူတစ်ချို့မှ ဓါးဖြင့် ခုတ်သွားကြောင်း စုံစမ်းသိရှိရသည်။
ဟုတ်တယ်။ အပင်တွေ အခုတ်ခံရတယ်။ ဘယ်သူတွေ ခုတ်မှန်းတော့ မသိလိုက်ဘူး။ လူကို သိရအောင် စုံစမ်းနေပါတယ်။ မနှစ်ကလည်း အပင် ၁၀၀ ကျော် စိုက်ထားတာ နွားတွေ ကျွဲတွေ ဖျက်လို့ ၅၀ ကျော်လောက်ပဲ ကျန်တယ်။ အခုလည်း လူတွေက ဖျက်ဆီးပြန်ပြီဟု ပီပင်ရင်းလူငယ်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက MPA သို့ ပြောသည်။
ရာသီဥတုဒဏ်ခံနိုင်ပြီး မြို့ပြနှင့်ကိုက်ညီသည့် အပင်များနှင့် ရခိုင်သဘာဝမျိုးများဖြစ်သည့် ဗာဒန်၊ ခမောင်း၊ သဝင်၊ ပိတောက်နှင့် မန်ကျည်းပင်များအား စိုက်ပျိုးထားကာ လက်ရှိချိန်တွင် စိုက်ပျိုးထားသည့် အပင်များထဲမှ တစ်ချို့အား ဓါးဖြင့် အခုတ်ခံလိုက်ရခြင်း ဖြစ်သည်။
အတိအကျဆိုရင် အပင်က ၅ ပင် ခုတ်ခံရတယ်။ လုံးဝ အခုတ်ခံရပြီး ပျက်စီးသွားတာက ၄ ပင်။ အရွက်တွေရော အကိုင်းတွေကိုရော အကုန်လုံးကို ချိုးသွားတာဟု ပီပင်ရင်းလူငယ်များ အသင်းမှ တာဝန်ရှိသူက ဆက်ပြောသည်။
ပီပင်ရင်းလူငယ်များအသင်းသည် မြောက်ဦးမြို့နယ် အခြေစိုက်သည့်အဖွဲ့ဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက စတင်တည်ထောင်ကာ စိမ်းလန်းစီအဖွဲ့သားများ၊ ရခိုင်တက်ကြွလူငယ်များနှင့် သစ်ပင်စိုက်ပျိုးရန် စိတ်ဝင်စားသည့် ရဟန်းရှင်လူများ စုပေါင်းကာ မုန်တိုင်းပြီးနောက် အပင်များအား ပြန်လည်ပြုပြင် စိုက်ပျိုးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ပီပင်ရင်းလူငယ်များအဖွဲ့နှင့်အတူ မုန်တိုင်းဒဏ်သင့် သစ်ပင်များအား ပြန်လည်ပြုပြင်ပေးနေသော စိမ်းလန်းစီပရိဟိအဖွဲ့မှ တည်ထောင်သူ မနှင်းဇာဖြူကလည်း ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စုံးစမ်းနေဆဲ ဖြစ်ကြောင်း MPA သို့ အတည်ပြုပြောကြားသည်။
ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများ ဆုံးရှုံးခဲ့ရခြင်းနှင့်အတူ နှစ်ရှည်အပင်များလည်း ဆုံးရှုံးခဲ့ရကာ ယခုနှစ်ပိုင်းအတွင်း ဆိုးရွားသည့် အပူဒဏ်၊ ရာသီဉတုဖောက်ဖြန်မှုနှင့် အပင်များနည်းပါးသည့်အတွက် သဘာဝဘေးအန္တရာယ်အား ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။