စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ယနေ့ဇွန်လ ၁၉ ရက်နေ့တွင် ကျေးရွာပေါင်းစုံ ပန်းသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာပေါင်းစုံပန်းသပိတ်အား ယင်းမာပင်ခရိုင်တပ်ရင်း – ၉၊ ၁၉ နှင့် မကွေးတိုင်းအခြေစိုက် ဗိုလ်ယက္ခ (Local PDF) တပ်ဖွဲ့ ရဲဘော်များက လုံခြုံရေးယူပေးခဲ့ကြောင်းသိရသည်။
“ အမေစုကိုလည်း အမြန်ဆုံးလွတ်မြောက်စေချင်ပြီ။ အမေကျန်းမာပါစေ။ ဒီ ၇၈ နှစ်မြောက် မွေးနေ့ကစပြီး လွတ်လပ်ရေးရသည်အထိ အသက်ရာကျော်ရှည်ပါစေလို့ဆုတောင်းပါတယ်လို့” ဟု ယင်းပန်းသပိတ်တွင်ပါဝင်နေသည့် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ပန်းသပိတ်တွင် ဒေသကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ခေါင်းဆောင်များမှလည်း သပိတ်တရားဟောကြားခဲ့သည်ဟုလည်း သိရသည်။
“ အဓိကကတော့ ပြည်သူတွေကို မကြောက်တရားဟောတာပေါ့။ အရင်ကဆိုရင် ကျနော်တို့လက်သုံးချောင်းပဲထောင်ခဲ့တယ်။ အဲ့ဒါကနေမှ တူမီးမိုင်းဆွဲအဆင့်။ အခုတော့ အော်တိုဂန်းတွေနဲ့ ဘတပြန်ကျားတပြန် ပြန်ပစ်နိုင်လာပြီ။ အရင်လိုသူတို့ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ပြီး ရွာတွေကိုမီးရှို့လို့မရတော့ဘူး။ ကျနော်တို့နိုင်နေပြီဆိုတဲ့အကြောင်း ပြည်သူတွေကိုအားပေးတဲ့ စကားပြောခဲ့တာပါ” ဟု ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉ (Pale Jokers PDF) တပ်ရင်းမှူးဗိုလ်ပုလဲက MPA သို့ ပြောသည်။
ယင်းပန်းသပိတ်တွင် စစ်ရေးအသိပညာပေးခြင်းနှင့် ကဗျာရွတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။