ကယား(ကရင်နီ) ပြည်နယ်ရှိ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်မှ ပစ်မိန့်ပေးထားကာ ရပ်ကွက်များအတွင်းသို့ စုံစမ်းရှာဖွေကြရန် ညွှန်ကြားထားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့ ည ၁၁ နာရီကျော်ခန့်က လွိုင်ကော်မြို့၊ နမ်းဘော်ဝမ်ရပ်ကွက် အတွင်းသို့ စစ်ကောင်စီတပ်မှ အင်အားသုံးကာ ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ညက ပစ်မိန့်ပေးပြီးဝင်ဖမ်းတာ။ PDFထောက်ပို့တွေနဲ့ နဂါး BGF တပ်ဖွဲ့တွေကို ဝင်ရှာကြတာ။ ပစ်ခတ်ခံတွေလည်း ကြားရတယ်” ဟု ၎င်းကပြောသည်။
လွိုင်ကော်မြို့အထွက်လမ်းမကြီးအား ယမန်နေ့က ပိတ်ထားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ အင်အား အများအပြားသုံးကာ လွိုင်ကော်မြို့အား ညလုံးပေါက်စစ်ဆေးခဲ့ပြီး ပြည်သူ ၈ ဦး ထက်မနည်း ဖမ်းဆီးခံရ ကြောင်း MPA မှ စုံစမ်းသိရသည်။
“ လွိုင်ကော်မှာ ညက ဝင်စစ်တာ။ စစ်ဆေးလုပ်နေတုန်း အသာတကြည်လက်မခံရင် ပစ်ဆိုပြီးချတာ။ နာမည်စာရင်းတွေလဲပါတယ်။ ၈ယောက်ထက်မနည်းပါသွားတယ်။ အတိအကျတော့ သတင်းဝှက်ထားလို့ မသိ သေးဘူး။ ထောက်ပို့တွေလား BGFတွေကိုလား။ ဘယ်ဟာကိုရှာလဲကို မသိရသေးတာ” ဟု ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ နံနက် ၆ နာရီခန့်က စတင်ပြီး စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့အထွက် လမ်းမကြီး၊ မော်ချီးမြို့အထွက် လမ်းမကြီးနှင့် သံလွင်တံတားအထွက် လမ်းမကြီးများကို ယာယီပိတ်ထားခဲ့ပြီးနောက် အထက်ပါအတိုင်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။
လက်တလော သတင်းများ ထွက်ပေါ်မှုအရ ယခုရက်ပိုင်းအတွင်း ကယား(ကရင်နီ) ဒေသတွင် ရှိသော နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်သားအချို့ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး လက်နက်များ ယူကာ ထွက်ပြေးမှု လုပ်ဆောင်ခဲ့ခြင်း ရှိကြောင်းကိုလည်း သတင်းများ ထွက်ပေါ်နေသည်။ သတင်းအတိအကျ ကိုတော့ MPA သတင်းဌာနအနေနှင့် အတည်နိုင်ခြင်း မရှိသေးပေ။