ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များအား ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ၏ ခွင့်ပြုချက်မပါဘဲ ပြည်တွင်းပြည်ပသို့ ထွက်ခွာခွင့်ပြုတော့မည် မဟုတ်ကြောင်း Chin Defence Force (Mindat) က ယနေ့တွင် သတင်းထုတ်ပြန်သည်။
“ကျနော်တို့မှာ လူစွမ်းအားအရင်းအမြစ် အားနည်းတာတကြောင်း၊ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက ပြည်သူလူငယ်ထုကို မေတ္တာရပ်ခံစာ ထုတ်ပြန်ထားတာကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နောက်ဆက်တွဲ လုပ်ငန်းစဥ်တစ်ခုပါ”ဟု CDF(Mindat) တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီသည် မင်းတပ်မြို့နယ်ကျေးရွာများရှိ အပြစ်မဲ့ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသည့်အချိန်တွင် မိမိလူမျိုးနှင့် တိုင်းပြည်ကိုကာကွယ်ရမည့်အစား ပြည်တွင်း (အခြားဒေသ) နှင့် ပြည်ပသို့ထွက်ခွာသည့် လူငယ်များပြားလာသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“တော်လှန်ရေးကာလမှာ လူငယ်ထုရဲ့ အင်အားကို များစွာ မှီခိုအားထားနေရတော့ ပြည်ပကို ထွက်ခွာနေသူတွေ များပြားလာရင် CDF-Mindat ရဲ့ တော်လှန်ရေးလုပ်ငန်းစဥ်၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး ကြိုးပမ်းမှုတွေကိုပါ ထိခိုက်လာနိုင်လို့ အခုလို ပြည်ပထွက်ခွာခွင့်ကို ကန့်သတ်ကြောင်း ထုတ်ပြန်ကြေညာရတာဖြစ်တယ်လို့ ပြောလို့ရမယ် ထင်ပါတယ်”ဟု CDF (Mindat) တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
ချင်းကာကွယ်ရေးတပ် (မင်းတပ်) အနေဖြင့် ယခုဇွန်လ ၁၁ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် မင်းတပ်မြို့အရှေ့ပြင်ရှိ စစ်ကောင်စီမြို့အဝင် ဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး၍ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းထုတ်ပြန်ကြေညာထားသည်။