စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်မှစ၍ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီသည် တမူး-ခမ်းပါတ်လမ်းပိုင်းအား ပိတ်လိုက်ရာ ခရီးသယ်နှင့် ကုန်တင်ကားများပိတ်မိနေကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
ပန်းသာရွာသည် တမူးမြို့၏ တောင်ဘက် ၈ မိုင်ခန့်အကွာ၊ တမူး-ကလေးကားလမ်းမကြီးပေါ်တွင်တည်ရှိပြီး ပျူစောထီးများကြီးစိုးသည့် ရွာဖြစ်၍ စစ်ကောင်စီသည် အဆိုပါကျေးရွာတွင် တပ်စွဲနေသည်ဟု သိရသည်။
“ကြာသပတေးနေ့က ပန်းသာမှာ စစ်ဖြစ်တယ်။ ရဟတ်ယာဥ်နဲ့ပါ လာပစ်တာ။ တမူးဆေးရုံမှာတော့ စခတွေများတယ်တဲ့ ကုနေတာ။ အဲ့ဒါပြီး တမူးလမ်းပိတ်သွားတာ။ သွားမရ၊ ပြန်မရ”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ လမ်းပိတ်မှုကြောင့် တမူးသို့ စျေးဝယ်ရောက်နေသည့် တောင်ပိုင်းမှပြည်သူများမှာ ပြန်လာခွင့်မရတော့သလို တောင်ပိုင်းမှလာသည့် ကုန်တင်ကားများမှာလည်း တမူးမြို့သို့ ဝင်ခွင့်မရဘဲဖြစ်နေသည်ဟု သိရသည်။
“အဝင်လည်းမရ၊ အထွက်လည်းမရဘူး။ တစ်ရက်နှစ်ရက်ကတော့ ခမ်းပါတ်မှာ ထွက်လို့ရတယ်ဆိုလို့ ထွက်ရော တိုက်ပွဲပြန်ဖြစ်လို့ ဘုက္ကန်နဲ့ ကြုံရာရွာတွေမှာ နားရတော့တာ။ ဘုက္ကန်မှာ ကားတွေအများကြီး”ဟု ၎င်းက ဆက်ပြောသည်။
ခမ်းပတ်-တမူးလမ်းပိုင်းတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျက်ရှိပြီး လမ်းပိုင်းအား ဆက်လက်ပိတ်ထားဆဲဖြစ်သည်ဟု စုံစမ်းသိရှိရသည်။